Fact Check | ဗုဒ္ဓဘာသာဆိုတဲ့ ဘာသာစွဲနဲ့ အမျိုးသားရေးစိတ်ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှာ မျက်နှာငယ်ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်ဆိုတဲ့ သတင်းမှား

“ ဗုဒ္ဓဘာသာဆိုတဲ့ ဘာသာစွဲတွေနဲ့ အမျိုးသားရေး စိတ်ဓာတ်တွေကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းမှာ မျက်နှာငယ်ရတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်ဆိုတဲ့” သတင်းတစ်ပုဒ် ဖေ့ဘွတ်ခ်မှာ ပျံ့နှံ့နေပါတယ်။ ဖေဖော်ဝါရီ ၁၆ရက် မွန်းတည့်ချိန်တုန်းက တင်ထားတဲ့ ဒီသတင်းဟာ  လူဦးရေ ၄၁၀၀ ကျော် Share ပြုလုပ်ထားတဲ့အထိ ပျံ့နှံ့နေတာမို့လို့ မသင်္ကာလို့ စစ်ဆေးကြည့်တဲ့အခါမှာ  သတင်းမှား ဖြစ်နေတာကိုတွေ့ရပါတယ်။

ဘာလို့သတင်းအမှားလို့ ပြောရလဲဆိုရင်…

 

  •  ဒေါ်အောင်ဆန်းစုကြည်က အထက်ပါ စကားတွေကို ကလေးများနေ့လည်းဖြစ် ၊ဗိုလ်ချုပ်အောင်ဆန်းရဲ့  ၁၀၅နှစ်မြောက် မွေးနေ့လည်းဖြစ်တဲ့ ဖေဖော်ဝါရီ ၁၃ရက်နေ့မှာ ပြောကြားခဲ့တယ်လို့သတင်းမှားမှာ ဖော်ပြထားပါတယ်။ 
  • ဒါပေမယ့် ဟုတ်တယ် vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးကြည့်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီလိုနိုင်ငံရေးစကားတွေကို မပြောခဲ့ပါဘူး။
  • ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၅နှစ်မြောက်မွေးနေ့အဖြစ် တောင်ကြီးမြို့မှာ ပြုလုပ်တဲ့ အာဟာရကျွေးမွေးခြင်း အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ကလေးတွေနဲ့ပတ်သက်ပြီး တိုက်တွန်းအားပေးတဲ့ စကားတွေပဲပြောကြားခဲ့တယ်လို့ သိရပါတယ်။
  • ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့ရုပ်မြင်သံကြား MRTV ဗီဒီယိုသတင်းကို ကြည့်ရှုနိုင်ပါတယ်။
  • နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးဝက်ဘ်ဆိုဒ်က သတင်းထုတ်ပြန်ချက်ကိုလည်း ဖတ်ရှုနိုင်ပါတယ်။
  • အစိုးရမီဒီယာတွေမှာ ဖော်ပြမထားတဲ့အပြင် မီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့ ပုဂ္ဂလိက သတင်းမီဒီယာတွေမှာ လည်း ဖော်ပြမထားတာကြောင့် ပျံ့နှံ့နေတဲ့ဒီသတင်းဟာ သတင်းမှားပဲဖြစ်ပါတယ်။

 

ဟုတ်တယ် vs မဟုတ်ဘူးရဲ့ စာဖတ်သူတွေအနေနဲ့လည်း လူမှုကွန်ရက်မှာ တွေ့တဲ့သတင်းတစ်ပုဒ်ကို လွယ်လွယ်ယုံပြီး လွယ်လွယ် မshare လိုက်ပဲ ဒီလိုသတင်းရင်းမြစ်တွေကိုရှာဖွေပြီးမှ ယုံသင့်၊ Share သင့်ပါတယ်။ ဒီလို သတင်းရင်းမြစ်တွေကို ရှာဖွေဖို့ အချိန်မရဘူးဆိုရင်လည်း ဟုတ်တယ် vs မဟုတ်ဘူးရဲ့  Chat Bot ကို သတင်းအမှား/အမှန် လာရောက်မေးမြန်းဖို့ အကြံပေးလိုက်ပါရစေ။