Fact Check | ရသေ့တောင်မြို့ သမီးလှရွာကို မီးရှို့တယ်ဆိုတဲ့ သတင်းအမှား

ဟုတ်တယ် Vs မဟုတ်ဘူးက ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ စစ်ဆေးတွေ့ရှိတဲ့ သတင်းအမှားတစ်ပုဒ်ကို ပြန်လည် ဝေမျှ ပေးချင်ပါတယ်။ အဲ့ဒီသတင်းအမှားကိုတော့ သိန်းဇော်နိုင် အမည်နဲ့ ဖွင့်ထားတဲ့ ဖေ့ဘွတ်ခ်အကောင့် ကနေ တင်ထားတာဖြစ်ပြီး “ကြွက်မနိုင်ကျီမီးရှို့တဲ့ မအလတွေ ရသေ့တောင်မြို့ သမီးလှရွာကို မီးရှို့လိုက်ကြပြန်ပြီ” ဆိုတဲ့ စာသားနဲ့အတူ ကျေးရွာတစ်ရွာအတွင်း မီးလောင်နေတဲ့ဗီဒီယိုဖိုင်တစ်ခုကိုတင်ထားတာဖြစ်ပါ တယ်။

အဲ့ဒီသတင်းက ဖေ့ဘွတ်ခ်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပြီးတော့ Like ပြုလုပ်သူ ၃သောင်းကျော်နဲ့ Share ပြုလုပ်သူ တစ်သောင်းတစ်ထောင်ကျော် ရှိနေတဲ့အတွက် ဟုတ်တယ် Vs မဟုတ်ဘူးရဲ့  အချက်အလက်စစ်ဆေးသူတွေက စစ်ဆေးခဲ့ရာ မှာတော့ ထိုင်း-မြန်မာနယ်စပ် မယ်စူရင်းဒုက္ခသည်စခန်းမှာ ၂၀၁၃ခုနှစ်က ဖြစ်ပွားခဲ့တဲ့မီးလောင်မှုသတင်း ဖြစ်ကြောင်း စိစစ် တွေ့ရှိရပါတယ်။ 

 

သတင်းအမှားဖြစ်ကြောင်းဘယ်လို စစ်ဆေးသက်သေပြနိုင်လဲ 

 

– ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်ရဲ့ Link ကို ဗီဒီယိုတွေစစ်ဆေးတဲ့  Invid Toolkid မှာပါဝင်တဲ့ Keyframe နဲ့စစ်ဆေးပြီး ဗီဒီယိုထဲမှာ ပါဝင်တဲ့ ပုံရိပ်တွေကို ဖမ်းယူပါတယ်။

Keyframes ကိုဖမ်းယူပုံ

 

– ဖမ်းယူရရှိတဲ့ ပုံရိပ်တွေကို Google Reverse Image Search  နဲ့စစ်ဆေးရာ မှာတော့ ဗီဒီယိုဖိုင်ဟာ ၂၀၁၃ခုနှစ်က ဖြစ်ပွားခဲ့တဲ့ထိုင်း-မြန်မာနယ်စပ် မယ်စူရင်းဒုက္ခသည်စခန်းမှာ မီးလောင်ကျွမ်းတဲ့ ဗီဒီယိုဖိုင် ဖြစ်နေတာကိုတွေ့ရပါတယ်။ 

 

– သတင်းအမှားမှာဖော်ပြထားသလို ရသေ့တောင်မြို့ သမီးလှရွာမှာဖြစ်ပွားခဲ့တာမဟုတ်ပါဘူး။ ဒီလင့် မှာ မူရင်း ဗီဒီယိုကို သွားရောက်ကြည့်ရှုနိုင်ပါတယ်။

– ၂၀၁၃ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ အဲ့ဒီမီးလောင်မှုနဲ့ပတ်သက်ပြီး သတင်းဌာနတွေက ဖော်ပြထားတဲ့ သတင်းအချို့ကို ဒီလင့် နဲ့ ဒီလင့် တွေမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

– သတင်းအမှားမှာဖော်ပြထားသလို ရသေ့တောင်မြို့ သမီးလှရွာမီးရှို့တယ်ဆိုတဲ့သတင်းကို သတင်းမီဒီယာလုပ်ငန်းစဉ်တွေအတိုင်း ရေးသားထုတ်ဝေနေတဲ့ မြန်မာနိုင်ငံအခြေစိုက်သတင်းမီဒီယာတွေနဲ့ နိုင်ငံတကာမီဒီယာတွေမှာသတင်းဖော်ပြထားတာမရှိပါဘူး။

– Google Map ကနေသွားရောက်တိုင်းတာကြည့်မယ်ဆိုရင် မီးလောင်မှုအမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ထိုင်းမြန်မာနယ်စပ် မယ်စူရင်းဒုက္ခသည်စခန်းနဲ့ သတင်းအမှားမှာဖော်ပြထားတဲ့ ရသေ့တောင်မြို့နယ်က ကီလိုမီတာပေါင်း ၂၇၀၀ကျော် ဝေးကွာတဲ့နေရာဖြစ်ပါတယ်။ 

အထက်ပါအကြောင်းအရာတွေနဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ ဖေ့ဘွတ်ခ်ပေါ်မှာပျံ့နှံ့နေတဲ့ ရသေ့တောင်မြို့ သမီးလှရွာကို မီးရှို့တယ်ဆိုတဲ့ ဗီဒီယိုဖိုင်ဟာ တခြားဒေသမှာဖြစ်ပွားခဲ့တဲ့ ဗီဒီယိုဖိုင်ကိုအသုံးပြုပြီး လှည့်ဖျားထားတဲ့ သတင်းအမှားဖြစ်ကြောင်းကို စစ်ဆေးတွေ့ရှိရပါတယ်။ 

တိုက်ပွဲတွေ ပဋိပက္ခတွေဖြစ်ပွားနေတဲ့အချိန်မှာ သတင်းအမှားတွေဟာ ပိုမိုပျံ့နှံ့တတ်တာမို့လို့ အွန်လိုင်းပေါ်က ထိလွယ် ရှလွယ်တဲ့ သတင်းတွေမြင်ရင် အလျင်စလို မယုံကြည်လိုက်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကိုယ့်စိတ် ထဲမှာ ဒွိဟဖြစ်စေတဲ့သတင်းတွေတွေ့ရင် အထက်ပါ နည်းလမ်းအတိုင်းစစ်ဆေးလို့ရသလို ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့ Chatbot ကို ကိုယ်စစ်ဆေးလိုတဲ့သတင်းရဲ့ လင့်ခ် ဒါမှမဟုတ်ရင် Screenshot ကိုပေးပို့ပြီး သတင်းအမှား/အမှန် စစ်ဆေးခိုင်းလို့ရပါတယ်။