Fact Check | ဒေါင်းကြောင့်ကပ်ဆိုက်နေတယ်ပြောတဲ့သူတွေကို အရေးယူမယ်လို့ မုံရွာအောင်ရှင်ကပြောတယ်ဆိုတဲ့ သတင်းမှား

 

 

ဒေါင်းကြောင့် ကပ်ဆိုက်နေတယ်ပြောတဲ့သူတွေကို အရေးယူမယ်လို့ မုံရွာအောင်ရှင်ကပြောတယ်ဆိုတဲ့ သတင်းမှားတစ်ပုဒ် ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေပါတယ်။
သတင်းမှားမှာပါတဲ့ ဒေါင်းဆိုတာကတော့ NLD ပါတီကို ဆိုလိုတာဖြစ်ပြီး  NLD ကြောင့် ကပ်ဆိုက်နေတယ်လို့ ပြောတဲ့သူတွေကို    ပါတီရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် မုံရွာအောင်ရှင်က ဥပဒေအရ အရေးယူမယ်ဆိုတဲ့ သတင်းမှား ပျံ့နှံ့နေတာဖြစ်ပါတယ်။


ဖေဖော်ဝါရီ ၄ရက်နေ့က တင်ထားတဲ့ ဒီသတင်းမှားဟာ Like ၁၄၀၀ ကျော်၊ Share ၁၄၀၀ကျော်ရှိအောင် ပျံ့နှံ့နေတာမို့ ဒီသတင်းကို စစ်ဆေးလိုက်တဲ့အခါမှာ သတင်းမှားဖြစ်နေတာတွေ့ရပါတယ်။

 

(၁) ဒီသတင်းကို သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့ မည်သည့် သတင်းဌာနမှာမှ တင်ထားတာ မတွေ့ရပါဘူး။

 

(၂) NLD ပါတီရဲ့ ဝက်ဘ်ဆိုဒ် မှာ လည်း ဖော်ပြထားတာမတွေ့ရပါဘူး။
 

(၃) မုံရွာအောင်ရှင်ဆိုပြီး Keywords နဲ့  Google Advanced Search မှာ ဇန်နဝါရီလကနေ ဖေဖော်ဝါရီ ၆ရက် နေ့အထိ သူပြောတဲ့စကားတွေကို ရှာကြည့်ရာမှာလည်း ဒီသတင်းမှားမှာ ပါဝင်တဲ့ စကားတွေကို ပြောထားတာမတွေ့ရပါဘူး။

 

(၄)ဒီသတင်းမှားကို တင်တဲ့ Zarni Thway Media ဆိုတဲ့ ဖေ့ဘွတ်ခ်ပေ့ချ်ဟာ သတင်းမှားတွေ၊တစ်ဖက်သက် သတင်းတွေနဲ့ မီဒီယာတွေကတင်တဲ့ သတင်းတွေကို ကူးယူပြီး တင်နေတဲ့ ပေ့ချ်တစ်ခုဖြစ်တယ်ဆိုတာကို တွေ့ ရပါတယ်။ဒါ့ကြောင့် ယုံကြည်လို့မရတဲ့ ရင်းမြစ်တစ်ခုဖြစ်ပါတယ်။

စာဖတ်သူတွေအနေနဲ့လည်း ဖေ့ဘွတ်ခ်မှာ သတင်းတွေဖတ်ရင် အရင်ဦးဆုံးကိုယ်ဖတ်လိုက်ရတဲ့သတင်းဟာ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြထား၊မထား ဦးစွာတိုက်ဆိုင်စစ်ဆေးပြီးဖတ်ရှုဖို့လိုပါတယ်။နောက်ပြီး သက်ဆိုင်တဲ့ ပါတီ (သို့မဟုတ်)အဖွဲ့အစည်းတွေရဲ့ ဝက်ဘ်ဆိုဒ်တွေကိုရှာဖွေပြီး တိုက်ဆိုင်စစ်ဆေးလို့လည်းရပါတယ်။


ဒါပေမယ့် သာမန်စာဖတ်သူတစ်ဦးအနေနဲ့ အဲဒီလို တိုက်ဆိုင်စစ်ဆေးဖို့ အချိန်မရှိဘူးဆိုရင်တော့ သတင်းရဲ့ Link (သို့မဟုတ်) Screen Shot ကို  “ဟုတ်တယ် Vs မဟုတ်ဘူး’’ ရဲ့ Chat Bot ကိုပေးပို့ပြီး သတင်းအမှား/အမှန် လာရောက်စိစစ်မေးမြန်းနိုင်ပါတယ်။