Fact Check | ဘင်္ဂါလီ ၄၇ဦးကို  အစိုးရက ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ခွင့်ပေးတော့မယ်ဆိုတဲ့ သတင်းမှား

ဘင်္ဂါလီ ၄၇ ဦးကို အစိုးရက ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားခွင့်ပေးတော့မယ်ဆိုတဲ့ သတင်းမှားတစ်ပုဒ်ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဒီသတင်းဟာ သတင်းမှားဖြစ်ကြောင်း၊ မယုံသင့်တဲ့အကြောင်း ဟုတ်တယ် vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးသူတွေက ပြောပြပေးပါမယ်။

 

 

(၁) ဒီသတင်းဟာ ၂၁ရာစု စစ်သတင်းနှင့်နိုင်ငံရေးသတင်းများဆိုတဲ့  Group တစ်ခုကနေ ပျံ့နှံ့လာတာဖြစ်ပါတယ်။ ဒီ Group မှာ တင်တဲ့ သတင်းတွေကို ဖတ်ကြည့်ရသလောက်က တစ်ဖက်သက်သတင်းတွေနဲ့၊ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုသတင်းတွေကိုသာတွေ့ရပါတယ်။

 

(၂) ဒီသတင်းမှားမှာဆိုရင် သတင်းကိုဘယ်ကနေရရှိခဲ့သလဲဆိုတဲ့ ရင်းမြစ်ကိုဖော်ပြမထားပါဘူး။

အစိုးရက ဘင်္ဂါလီတွေကို ကျောင်းတက်ခွင့်ပေးတယ်ဆိုတဲ့ သတင်းကိုရေးဖို့အတွက် အစိုးရ တာဝန်ရှိသူတစ်ဦးရဲ့ ပြောစကားဖြစ်စေ၊သတင်းထုတ်ပြန်ချက်ဖြစ်စေ သတင်းရင်းမြစ်လိုအပ်ပါတယ်။
အဲဒီလို ရင်းမြစ်တွေကို ထည့်သွင်းဖော်ပြခြင်းမပြုခြင်းအားဖြင့်  ဒီသတင်းမှားကို သတင်းမှားဖန်တီးသူက စိတ်ကူးယဉ်ဖန်တီးရေးသားထားတယ်ဆိုတာ ပေါ်လွင်ပါတယ်။

(၃) ဒီသတင်းနဲ့အလားတူပဲ ရန်ကုန်တက္ကသိုလ်မှာ စာလာသင်မယ့် ဘင်္ဂါလီတွေ ရန်ကုန်ရောက်နေပြီဆိုပြီး ဗီဒီယိုဖိုင်တစ်ခုကိုလည်း တင်ထားတာတွေ့ရပါတယ်။ ဗီဒီယိုဖိုင်ထဲမှာ ရန်ကုန်လေဆိပ်က ခရီးသည်အချို့ကို ရိုက်ပြထားပြီး ဒီလူတွေကို ဘင်္ဂါလီတွေလို့ စွပ်စွဲထားတာဖြစ်ပါတယ်။ 

 

 

(၄) ဗီဒီယိုမှာ RFM လို့ ရေးထားပြီး အဲဒီအမှတ်အသားဟာ သတင်းမီဒီယာတစ်ခုဖြစ်တဲ့ RFA ရဲ့ အမှတ်အသားကိုကူးယူထားတာဖြစ်ပြီး ဆင်တူယိုးမှားပြုလုပ်ကာ သတင်းမှားပြုလုပ်ထားတာဖြစ်ပါတယ်။အရင်ကလည်း RFM အမှတ်တံဆိပ်နဲ့ သတင်းမှားတွေဖန်တီးဖူးပါတယ်။ ဒီ လင့်ခ် မှာဝင်ကြည့်နိုင်ပါတယ်။

(၅)တကယ်တော့ RFM သတင်းဌာနဆိုတာ အပြင်မှာ တကယ်ရှိတဲ့ သတင်းဌာနမဟုတ်ပါဘူး။ 

Website တည်ထောင်ထားတာမျိုး၊ ဖေ့ဘွတ်ခ် ပေ့ချ် ထောင်တာမျိုးလည်းမရှိတဲ့ သတင်းဌာနအယောင်ဆောင် ဆင်တူယိုးမှားလုပ်ပြီး သတင်းမှားတွေ ထုတ်လွှင့်နေတာသာဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သတင်းမီဒီယာ စာရင်း မှာလည်း မပါဝင်တာတွေ့ရပါတယ်။

(၆)ဒီလို ရန်ကုန်တက္ကသိုလ်မှာ ဘင်္ဂါလီတွေစာလာသင်မယ်ဆိုတဲ့ သတင်းကို မီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့ ဘယ်မီဒီယာမှာမှ မတွေ့ရတာကြောင့် ဒီသတင်းဟာ သတင်းအမှားဖြစ်တယ်ဆိုတာ ပိုသေချာပါတယ်။

စာဖတ်သူတွေအနေနဲ့ ဖေ့ဘွတ်ခ်ပေါ်မှာ သတင်းတစ်ပုဒ်ကို ဖတ်မယ်ဆိုရင် သတင်းထဲမှာ သတင်းရင်းမြစ်ပါ၊မပါ၊ အပြင်မှာ တကယ်ရှိတဲ့ သတင်းဌာနဟုတ်၊မဟုတ် စစ်ဆေးပြီးမှ ဖတ်ရှုဖို့လိုအပ်ပါတယ်။

အကယ်၍ စစ်ဆေးဖို့ အချိန်မရဘူးဆိုရင်လည်း ဟုတ်တယ် vs မဟုတ်ဘူးရဲ့ chatbot ကို ပေးပို့ပြီး သတင်းအမှား/အမှန်လာရောက်မေးမြန်းလို့ရပါတယ်။