Fact Check | ၂၀၁၉ ခုနှစ်အတွင်း လူထုကို လှည့်ဖျားခဲ့သော သတင်းအမှားများ

အားလုံးသိတဲ့အတိုင်းပဲ ၂၀၁၉ ခုနှစ်ဆိုတဲ့ သက္ကရာဇ်နှစ်တစ်နှစ်ဟာ ကုန်ဆုံးခဲ့ပါပြီ။ လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်တစ်နှစ်လုံးမှာ “ဟုတ်တယ် vs မဟုတ်ဘူး”   မှ အချက်အလက်စစ်ဆေးသူတွေက သတင်းမှားပေါင်း ၆၀ ကျော်ကို စစ်ဆေးပြီး သတင်းအမှားဖြစ်ကြောင်းတုံ့ပြန်နိုင်ခဲ့ပါတယ်။ ဒီသတင်းမှားတွေထဲကမှ လူတွေရဲ့ စိတ်အာရုံကို လွယ်လွယ်ကူကူ လှည့်ဖျားသွားတဲ့ သတင်းအမှား (၆) ပုဒ်ကို ပြန်လည်ပြောပြပါမယ်။

ဒါဟာ သတင်းအမှားတွေကို ကြော်ငြာပေးနေတာမျိုးမဟုတ်ပဲ ဘယ်လိုအခြေအနေ၊ အချိန်အခါမျိုးတွေမှာ သတင်းမှားပြုလုပ်ဖန်တီးသူတွေက သတင်းအမှားတွေဖန်တီးလေ့ရှိသလဲ။ အမှန်တဝက် အမှားတဝက်လုပ်ဇာတ်တွေနဲ့ လူတွေကို ဘယ်လိုလှည့်ဖျားသလဲဆိုတာကို သိရှိပြီး စာဖတ်သူတွေ သတင်းအသိပညာတိုးပွားလာဖို့ ရည်ရွယ်ပါတယ်။

(၁)ရန်ကုန် စစ်တွေ ကားလမ်းမများကို ပိတ်လိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်သူများအားလုံးကို အသိပေးအပ်ပါသည်” ဆိုသည့် သတင်းအမှား

https://www.realornotmm.info/2019/01/yangon-sittwe-highwayroad-shutdown-disinformation/

ဒီသတင်းမှားကတော့  ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေစတင်ပြင်းထန်နေတဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတုန်းက ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ ရန်ကုန်-စစ်တွေ သွားတဲ့ကားလမ်းကိုပိတ်လိုက်ပြီဆိုပြီး သတင်းအမှားထုတ်လွှင့်ခဲ့တာဖြစ်ပြီး ဒီသတင်းမှားရဲ့ရည်ရွယ်ချက်ကတော့ တိုက်ပွဲတွေဖြစ်နေလို့ လူတွေဟာ ကြောက်လန့်စိုးရိမ်နေကြချိန်မှာ ထပ်မံပြီး ပူပန်လာအောင်လုပ်တဲ့သဘောဖြစ်ပါတယ်။

(၂)  ” တရုတ်ဘာသာစကားနှင့် ရေးသားထားတဲ့ မြစ်ဆုံစာချုပ်” အကြောင်း သတင်းအမှား

https://www.realornotmm.info/2019/04/myitsone-contract-chinese-language-disinformation/

ဒီသတင်းမှားကတော့ မြစ်ဆုံစီမံကိန်းစာချုပ်ကို ဖျက်သိမ်းလိုက်ပြီဆိုတဲ့သတင်းအမှားပဲဖြစ်ပါတယ်။ ဧပြီလတုန်းက ပေါ်ပေါက်ခဲ့တဲ့သတင်းအမှားဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ခေတ်သစ်ပိုးလမ်းမစီမံကိန်း ဒုတိယအကြိမ်ဖိုရမ်ကို တက်နေတဲ့အချိန်ဖြစ်သလို မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ လူထုကြားမှာအငြင်းပွားနေကြတဲ့အချိန်လည်းဖြစ်ပါတယ်။အဲဒီလိုအချိန်မျိုးမှာ အချိန်ကိုက်ထုတ်လွှင့်တဲ့သတင်းအမှားကို ဟုတ်တယ်vs မဟုတ်ဘူးက စစ်ဆေးနိုင်ခဲ့ပါတယ်။

(၃)  “ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမှ ဗီဒီယိုသတင်းအမှား

https://www.realornotmm.info/2019/08/lashio-fighting-war-northern-shan-false-video/

ရှမ်းပြည်မြောက်ပိုင်းအနီးတစ်ဝိုက်မှာ သြဂုတ်လတုန်းက တပ်မတော်နဲ့မြောက်ပိုင်းမဟာမိတ်တွေအကြားတိုက်ပွဲဖြစ်ပွားခဲ့တဲ့အချိန်မှာ ထွက်ပေါ်လာတဲ့သတင်းအမှားဖြစ်ပါတယ်။ တရုတ်က ရုပ်ရှင်ရိုက်ကွင်း ဗီဒီယိုတစ်ခုကို အသုံးပြုပြီး လားရှိုးမြို့မှာ ဗုံးထိသလိုလို သတင်းအမှားဖြန့်ဝေထားတာကို ဟုတ်တယ်vsမဟုတ်ဘူးက အမိဖမ်းနိုင်ခဲ့ပါတယ်။

(၄)  “ရွေးကောက်ပွဲကိုရည်ရွယ်ပြီး သတင်းအမှားတွေ ထုတ်လွှင့်နေတဲ့ သတင်းပေ့ချ်တစ်ခု” အကြောင်း

https://www.realornotmm.info/2019/09/election-disinformation-facebook-page/

ဒါကတော့ ၂၀၁၉ခုနှစ်တစ်နှစ်လုံးမှာ သတင်းမှားတွေကို အဓိက ထုတ်လုပ်နေတဲ့ ပေ့ချ်တစ်ခုအကြောင်း ဟုတ်တယ် vs မဟုတ်ဘူးက ဖော်ထုတ်လိုက်တဲ့အကြောင်းဖြစ်ပါတယ်။ဟုတ်တယ် vs မဟုတ်ဘူးရဲ့  လေ့လာထားချက်တွေအရ လူမှုကွန်ရက်ပေါ်မှာ သတင်းမှားဖြန့်ဝေနေတဲ့ ဒီလိုပေ့ချ်တွေ ငါးခုထက်မနည်း ရှိတာကိုတွေ့ရပါတယ်။ စာဖတ်သူတွေအနေနဲ့ သတင်းမီဒီယာအယောင်ဆောင် ပေ့ချ်တွေကို သတိထားမိဖို့ အကြံပေးနိုင်ခဲ့ပါတယ်။

(၅) “မြစ်ကြီးနားတွင် ကလေးသူခိုးများ သောင်းကျန်းနေသည်ဆိုသည့်” သတင်းအမှား

https://www.realornotmm.info/2019/12/child-theft-rumours-in-myitkyina-disinformation/

ဒါကတော့ မိဘတွေစိုးရိမ်စိတ်တွေဖြစ်လာအောင် လှုံ့ဆော်မှုတွေပြုလုပ်ထားတဲ့ ကလေးသူခိုး သတင်းအမှားပဲဖြစ်ပါတယ်။ကလေးသူခိုးသတင်းတွေ အရမ်းပျံနှံ့ခဲ့တဲ့ နိုဝင်ဘာ၊ဒီဇင်ဘာလတွေတုန်းက ထွက်ပေါ်လာတဲ့သတင်းမှားပဲဖြစ်ပါတယ်။ ကလေးသူခိုးသတင်းတွေကို တွေ့တိုင်းမယုံကြည်ကြဘဲ ဆင်ခြင်စဉ်းစားနိုင်ဖို့ ဟုတ်တယ် vsမဟုတ်ဘူးက အကြံပြုနိုင်ခဲ့ပါတယ်။

(၆) “နယ်သာလန် သဟိသ်မြို့ ICJ ရုံးရှေ့က ရိုဟင်ဂျာထောက်ခံသူတွေ ဆန္ဒပြပွဲ ဗီဒီယိုဖိုင်သတင်းအမှား 

https://www.realornotmm.info/2019/12/netherlands-thehague-icj-rohingya-supporters-protest-false-video-disinformation/

ICJ ကိစ္စဖြစ်ပွားနေတဲ့အချိန် နယ်သာလန်နိုင်ငံ သယ်ဟိလ်မြို့မှာ ရိုဟင်ဂျာထောက်ခံသူတွေက ဆန္ဒပြနေပြီဆိုပြီး သတင်းအမှားထုတ်လွှင့်ထားတာဖြစ်ပါတယ်။ဒီသတင်းမှားဗီဒီယိုကို ဟုတ်တယ် vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးသူတွေက fact checking tools တွေနဲ့စစ်ဆေးပြီးတော့ ရှာဖွေဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။အချိန်ကိုက်ထွက်ပေါ်လာတဲ့သတင်းအမှားတွေရှိကြောင်း၊အချိန်ကိုက်သတင်းအမှားဖန်တီးသူတွေရှိကြောင်း စာဖတ်သူကိုအသိပေးနိုင်ခဲ့ပါတယ်။ 

ဟုတ်တယ်Vsမဟုတ်ဘူး ပရိတ်သတ်တွေအနေနဲ့လည်း နှစ်သစ် ၂၀၂၀ခုနှစ်မှာ သတင်းတွေကို တွေ့တိုင်းမယုံဘဲ၊ သတင်းအရင်းအမြစ်များစွာနှင့် တိုက်ဆိုင်စစ်ဆေးပြီး စဉ်းစားဆင်ခြင် ဆုံးဖြတ်နိုင်လိမ်မယ့်လို့ ယုံကြည်မျှော်လင့်မိပါတယ်။ ဟုတ်တယ် Vs မဟုတ်ဘူး (Real or Not) အဖွဲ့သားတွေအနေနှင့်လည်း ပရိတ်သတ်တွေဆီသတင်းအချက်အလက် အမှန်တွေကို အမြန်ဆုံးပို့ဆောင်နိုင်ဖို့ ဆက်လက်ကြိုးစားနေကြောင်း အသိပေးအပ်ပါသည်။ လူမှုငြိမ်းချမ်းရေးကို ထိခိုက်စေတဲ့ သတင်းအချက်အလက်များကို တိုက်ဖျက်ရင်း ငြိမ်းချမ်းသော လူမှုအသိုက်အဝန်းကို အတူတူဖော်ဆောင်ကြပါစို့။