Fact Check | နယ်သာလန် သဟိသ်မြို့ ICJ ရုံးရှေ့က ရိုဟင်ဂျာထောက်ခံသူတွေ ဆန္ဒပြပွဲ ဗီဒီယိုဖိုင်နှင့် သတင်းအမှား

ဟုတ်တယ်Vsမဟုတ်ဘူး က ဒီမနက်မှာ ဖေ့ဘွတ်ခ်စာမျက်နှာတွေပေါ်မှာပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို အချက်အလက်စိစစ်ခဲ့ပါတယ်။ ပျံ့နှံ့နေတဲ့ဗီဒီယိုဖိုင်ကတော့ နယ်သာလန် သဟိသ်မြို့   ICJ ရုံးရှေ့က ရိုဟင်ဂျာထောက်ခံသူတွေဆန္ဒပြပြီဆိုပြီး ပျံ့နှံ့လာတာဖြစ်ပါတယ်။

ဒါပေမယ့် အဲ့ဒီပျံ့နှံ့နေတဲ့ဗီဒီယိုဖိုင်ကတော့ နယ် သာလန်မှာ ဒီမနက်ဖြစ်ပွားခဲ့တာမဟုတ်ဘဲနဲ့ ၂၀၁၇ခုနှစ် စက်တင်ဘာလက တောင်အာဖရိကနိုင်ငံ ကိပ်ဖ်တောင်းမြို့မှာဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတစ်ခုရဲ့ ဗီဒီယိုဖိုင်ကိုအသုံးပြုထားတာဖြစ်ပါတယ်။  ဒါကြောင့် ပျံ့နှံ့နေတဲ့ နယ်သာလန် သဟိသ်မြို့ ICJ ရုံးရှေ့က ရိုဟင်ဂျာထောက်ခံသူတွေဆန္ဒပြပွဲ ဆိုတဲ့ ဗီဒီယိုဖိုင်က အကြောင်းအရာလွဲမှား စွာ အသုံးပြုထားတာကို တွေ့ရှိရပါတယ်။ 

Open Source တွေသုံးပြီး ဗီဒီယိုဖိုင်ကို ဘယ်လိုစစ်ဆေးခဲ့လဲ 

(၁) အရင်ဆုံးပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်လင့်ခ်ကို  ဗီဒီယိုတွေကိုစစ်ဆေးတဲ့ Tool တစ်ခုဖြစ်တဲ့ Invid မှာ Keyframe Box မှာရိုက်ပြီး ပုံရိပ်တွေဖမ်းယူပါတယ်။

(၂)  ဖမ်းယူရရှိတဲ့ ပုံရိပ်တွေကို Reverse Image Search Tool တစ်ခုဖြစ်တဲ့ Yandex နဲ့ ရှာဖွေလိုက်တဲ့အခါမှာတော့ လက်ရှိ နယ်သာလန် သဟိသ်မြို့က ICJ ရုံးရှေ့က ရိုဟင်ဂျာထောက်ခံသူတွေဆန္ဒပြပွဲဆိုတဲ့ ဗီဒီယိုဖိုင်နဲ့ ပုံစံတူတဲ့ ဗီဒီယိုဖိုင်တွေအများအပြားကို Yoube Link တွေနဲ့တကွတွေ့ရှိရပါတယ်။

(၃) အဲ့ဒီ ဗီဒီယိုဖိုင်တွေကိုဆက်လက်စစ်ဆေးရာမှာတော့ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၃ ရက်မှာ တောင်အာဖရိကနိုင်ငံ ကိပ်ဖ်တောင်းမြို့မှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာအရေးဆန္ဒပြပွဲတစ်ခုရဲ့ ဗီဒီယိုဖိုင်ဖြစ် နေပါတယ်။ ဒီလင့်မှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။ 

(၄) အဆိုပါဆန္ဒပြပွဲနဲ့ပတ်သက်တဲ့သတင်းတစ်ပုဒ်ကိုလည်း ဒီလင့်ခ်ကနေ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

မြေမျက်နှာသွင်ပြင်အနေအထား( Geolocation) ဖြင့် စစ်ဆေးပြီး နယ်သာလန်မှာဖြစ်ပွားတဲ့ဆန္ဒပြပွဲမဟုတ်ကြောင်း ဖော်ထုတ်ပုံအဆင့်ဆင့် 

နယ်သာလန် သဟိသ်မြို့က ICJ ရုံးရှေ့က ရိုဟင်ဂျာထောက်ခံသူတွေဆန္ဒပြပွဲ ဆိုတဲ့ဗီဒီယိုဖိုင်ကို အသေးစိတ်စိစစ် ကြည့်တော့ အဲ့ဒီဗီဒီယိုထဲမှာပါတဲ့ အလံ၊ အဆောက်အဦး နဲ့ မော်တော်ကားနံပါတ်ကို သတိပြုမိပါတယ်။ဒါကြောင့် အဲ့ဒီအချက်တွေကို ရှာဖွေတိုက်ဆိုင်စစ်ဆေးဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။ 

(၁) ထင်ထင်ရှားရှားပေါ်လွင်နေတဲ့ အလံကို Google Image Search မှာ ရှာဖွေစိစစ်ကြည့်လိုက်တော့ တောင်အာဖရိကနိုင်ငံရဲ့အလံဖြစ်နေပါတယ်။ 

(၂) ဆန္ဒပြဗီဒီယိုဖိုင်ထဲမှာ နောက်ထပ်ထင်ထင်ရှားရှားပေါ်လွင်နေတာကတော့ အဆောက်အဦးဖြစ်ပါတယ်။ အဲ့ဒီအဆောက်အဦးမှာပေါ်နေတဲ့စာတန်းက pleinparkဆိုတဲ့စာတန်းပါ။ အဲ့ဒီစာတန်းကို Google မှာ plein park building ဆိုပြီးရိုက်ရှာလိုက်ရင် တောင်အာဖရိကနိုင်ငံ ကိပ်ဖ်တောင်းမြို့က Plein လမ်းမှာတည်ရှိတယ်ဆိုတာကိုတွေ့ရှိရပါတယ်။

(၃) plein park building  ကို Google Map ရဲ့ Street View နဲ့ သွားကြည့်တဲ့အခါမှာတော့ ဆန္ဒပြပွဲမှာ မြင်တွေ့ရတဲ့ အဆောက်အဦးကိုမြင်တွေ့ရပါတော့တယ်။ 

(၄) ဆန္ဒပြဗီဒီယိုဖိုင်ထဲမှာ ထင်ထင်ရှားရှားပေါ်နေတဲ့ ကားနံပါတ်ပြားတစ်ခုက CA 810 475 ဆိုတဲ့နံပါတ်ပါ။ အဲ့ဒီနံပါတ်က တောင်အာဖရိကနိုင်ငံ ကိပ်ဖ်တောင်းမြို့က ကားနံပါတ်ဟုတ်မဟုတ်စစ်ဆေးဖို့အတွက် Google မှာ car number plate in cape town ဆိုပြီးရိုက်ရှာလိုက်တဲ့အခါမှာတော့ CA နဲ့စတဲ့ ကားနံပါတ်တွေပေါ်လာပါ တော့တယ်။ 

အထက်မှာဖော်ပြခဲ့တဲ့အတိုင်းအဆင့်ဆင့် စိစစ်စစ်ဆေးပြီးတဲ့အခါမှာတော့ ဒီကနေ့ ပျံ့နှံ့နေတဲ့ နယ်သာလန် သဟိသ်မြို့က ICJ ရုံးရှေ့က ရိုဟင်ဂျာထောက်ခံသူတွေဆန္ဒပြပွဲ ဗီဒီယိုဖိုင်ဆိုတာက အမှားဖြစ်ပြီးတော့ အဆိုပါ ဗီဒီယိုဖိုင်က  ၂၀၁၇ ခုနှစ်တုန်းက တောင်အာဖရိကနိုင်ငံ ကိပ်ဖ်တောင်းမြို့မှာ ဖြစ်ပွားခဲ့တဲ့ဗီဒီယိုဖိုင်သာဖြစ်ကြောင်း ဟုတ်တယ်မVs မဟုတ်ဘူး (Real or Not) က ဖော်ထုတ်ပေးလိုက်ပါတယ်။ 

အွန်လိုင်းပေါ်မှာတွေ့တဲ့သတင်းတိုင်းကို လွယ်လွယ်မယုံပဲ မီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားသလားဆိုတာနဲ့ တိုက်ဆိုင်စစ်ဆေးဖို့လိုပါတယ်။တိုက်ဆိုင်စစ်ဆေးဖို့ အချိန်မအားဘူးဆိုရင်လည်း Real or Not ရဲ့ Chat Bot ကိုသာ ပေးပို့ပြီးမေးမြန်းလိုက်ပါ။ Real or Not က သတင်းတွေကို အမှား/အမှန် သိရအောင် အချိန်ပြည့် တာဝန်ယူစစ်ဆေးပေးနေပါတယ်။