Fact Check | အစိုးရအဖွဲ့ကရိုဟင်ဂျာတွေကိုသွားကြိုခိုင်းလို့ ကြိုရတာပါလို့ YBS ယာဉ်နောက်လိုက်ကပြောတယ်ဆိုတဲ့သတင်းမှား

အစိုးရအဖွဲ့က ရိုဟင်ဂျာတွေကို သွားကြိုခိုင်းလို့ ကြိုရတာပါလို့ YBS ယာဉ်နောက်လိုက်က ပြောတယ်ဆိုတဲ့သတင်းမှားတစ်ပုဒ်ဖေ့ဘွတ်ခ်ပေါ်ပျံ့နှံ့နေပါတယ်။နိုဝင်ဘာ ၂၉ရက်နေ့ ၊နံနက်ပိုင်းက ချောင်းသာမြို့၊ ဥတိုချောင်းအနီးမှာ ရခိုင်ပြည်နယ်က လာတဲ့ ရိုဟင်ဂျာမွတ်စလင် ၉၆ဦးကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့ပါတယ်။အဲဒီသတင်းနဲ့စပ်လျဉ်းပြီး ရိုဟင်ဂျာတွေကို ဧည့်သည်အဖြစ် အစိုးရက ကြိုခိုင်းလို့ YBS ယာဉ်တွေက သွားကြိုရတာပါဆိုပြီး သတင်းအမှားထုတ်လွှင့်  လာတာဖြစ်ပါတယ်။

အဲဒီသတင်းမှားကို Share ပြုလုပ်သူဟာ ၅၇၀၀ကျော်အထိရှိနေပြီဖြစ်ပြီး Copy ပြုလုပ်ကာပြန်တင်တဲ့ အကောင့်တွေ၊ပေ့ချ်တွေလည်း များနေတာမို့ Real or Not က စစ်ဆေးကြည့်တဲ့အခါမှာသတင်းမှားဖြစ်နေတာတွေ့ရပါတယ်။ ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင် 

(၁) မီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့ ဘယ်သတင်းဌာနမှာမှ အစိုးရအဖွဲ့က ကြိုခိုင်းလို့  ရိုဟင်ဂျာတွေကို သွားကြိုရပါတယ်ဆိုတဲ့ ပြောစကားနဲ့ဖော်ပြထားတဲ့သတင်းကို ဖြစ်စဉ်ဖြစ်ပွားတဲ့ နိုဝင်ဘာ ၂၉ ရက်ကနေ ယနေ့(ဒီဇင်ဘာ ၆ရက်)အထိ မတွေ့ရပါဘူး။

 

(၂) ရိုဟင်ဂျာတွေကို စောင့်နေတဲ့ ယာဉ်ထဲမှာပါဝင်တဲ့ YBS ၁၅ ယာဉ်ကို အရေးယူနိုင်ဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို တင်ပြထားတယ်ဆိုတဲ့ သတင်းကိုသာ နောက်ဆုံးတွေ့ရပါတယ်။ ဒီလင့်ခ်မှာ ဝင်ကြည့်နိုင်ပါတယ်။

(၃) ဒီသတင်းမှားကို တင်တဲ့အကောင့်ဟာ တစ်ဖက်သက်သတင်းတွေနဲ့၊သတင်းအမှားတွေကိုသာ တင်တဲ့ အကောင့်တစ်ခုဖြစ်တယ်ဆိုတာကိုလည်း Real or Not က လေ့လာတွေ့ရှိရပါတယ်။

ဒါ့ကြောင့်မို့ သတင်းတစ်ပုဒ်ကိုဖတ်ရင် လွယ်လွယ်မယုံပဲ မီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားသလားဆိုတာနဲ့ တိုက်ဆိုင်စစ်ဆေးဖို့လိုပါတယ်။တိုက်ဆိုင်စစ်ဆေးဖို့ အချိန်မအားဘူးဆိုရင်လည်း Real or Not ရဲ့ Chat Bot ကိုသာ ပေးပို့ပြီးမေးမြန်းလိုက်ပါ။ Real or Not က သတင်းတွေကို အမှား/အမှန် သိရအောင် အချိန်ပြည့် တာဝန်ယူစစ်ဆေးပေးနေပါတယ်။