Fact Check | မြစ်ကြီးနားတွင်ကလေးများကိုလုပြေးနေသည်ဆိုပြီးစာသားနှင့်တွဲတင်ထားသည့်ဗီဒီယိုဖိုင်အမှား

Real or Not ဟုတ်တယ်Vs မဟုတ်ဘူး ရဲ့ Chatbot ကို ကလေးသူခိုးသတင်းများ၊ တို့ဆေးသတင်းများနှင့်ပတ် သက်ပြီး သတင်းအမှား/အမှန်ခွဲခြားစိစစ်ပေးရန်အတွက် ပရိတ်သတ်တွေက ပေးပို့လာတာတွေရှိခဲ့ပါတယ်။ အဲ့ဒီ သတင်းတွေထဲကမှ ပျံ့နှံ့မှုအားကောင်းနေပြီး လူထုစိုးရိမ်မှုမြင့်တက်နေတဲ့သတင်းအမှားတစ်ပုဒ်ကို ပြောပြချင် ပါတယ်။

အဲ့ဒီသတင်းအမှားကတော့ MyitKyina Online Shop ဆိုတဲ့ ပေ့ချ်ကနေ “အခုတလောမြစ်ကြီးနား မှာလည်းကလေးတွေကိုအတင်းလုပေးနေတာတွေကြားနေရတယ် မိဘတွေအရမ်းသတိရှိကြပါနော်” ဆိုတဲ့ စာတန်းနဲ့ ဗီဒီယိုဖိုင်တစ်ခုကိုတွဲတင်ထားတာဖြစ်ပါတယ်။ အဲ့ဒီဗီဒီယိုဖိုင်ကို ကြည့်ရှုသူပေါင်း တစ်သန်းခွဲနီးပါးရှိခဲ့ ပြီး Share က ၆၈၀၀၀ ကျော်ရှိတဲ့အထိ ပျံ့နှံ့နေတဲ့အတွက်သတင်းအမှား/အမှန်စိစစ်ပြီးတော့ သတင်းအမှား ဆိုတာကို အခိုင်အမာပြောရခြင်းဖြစ်ပါတယ်။

ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင် 

(၁) သတင်းဗီဒီယိုဖိုင်က မြစ်ကြီးနားမှာဖြစ်ပွားခဲ့တဲ့ ဗီဒီယိုဖိုင်မဟုတ်ဘဲ တရုတ်၊ဗီယမ်နမ်တို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တချို့က ဗီဒီယိုကလစ်တွေကိုပေါင်းစပ် ထားတဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်။ ဒီမှာ သွားရောက်ကြည့်ရှုနိုင်ပါ တယ်။ 

(၂)  မြစ်ကြီးနားမြို့မှာ ကလေးခိုးမှုတွေဖြစ်ပွားနေတယ်လို့ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် သတင်းတွေက မှန်ကန်မှု မရှိကြောင်း မြစ်ကြီးနားမြို့မ ရဲစခန်းမှ ရဲအုပ်မြင့်သိန်းက  ကချင်ပြည်နယ်အခြေစိုက်ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်ရဲ့သတင်းတစ်ပုဒ်မှာဖြေကြားထားပါတယ်။ ဒီမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

Real or Not ဟုတ်တယ်Vsမဟုတ်ဘူးက ဘယ်လိုနည်းတွေနဲ့ဗီဒီယိုဖိုင်အမှား/အမှန်စစ်ဆေးခဲ့သလဲဆိုရင် 

(၁) MyitKyina Online Shop ဆိုတဲ့ ပေ့ချ်ကနေတင်ထားတဲ့ဗီဒီယိုဖိုင်လင့်ခ်ကို ဗီဒီယိုဖိုင်တွေကိုစစ်ဆေးတဲ့ Tool တစ်ခုဖြစ်တဲ့ Invid Toolkit  မှာ သွားရောက်ပြီးတော့ Video Keyframes Box မှာရိုက်ပြီးတော့ ဗီဒီယို ဖိုင်က ပုံရိပ်တွေကိုဖမ်းယူပါတယ်။

 

(၂) ကျလာတဲ့ ဗီဒီယိုထဲက Keyframes ပုံရိပ်တွေကို Reverse Image Search Tool တစ်ခုဖြစ်တဲ့ Google Reverse Search နဲ့ ရှာလိုက်တဲ့အခါမှာအင်တာနက်ပေါ်မှာ အခု မြစ်ကြီးနားမှာဖြစ်ပွားခဲ့တယ်ဆိုတဲ့ ဗီဒီယိုနဲ့ ပုံစံတူဗီဒီယိုဖိုင်တွေနဲ့သတင်းတွေကိုစိစစ်တွေ့ရှိရတာဖြစ်ပါတယ်။ အဲ့ဒီလိုမျိုး ဗီဒီယိုဖိုင်တွေကလည်း Youtube မှာအများအပြားရှိနေတွေ့ရမှာဖြစ်ပြီးတော့ မြစ်ကြီးနားမှာဖြစ်ပွားခဲ့ တာမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း စစ်ဆေးတွေ့ရှိရပါတယ်။ 

Real or Not ဟုတ်တယ်Vsမဟုတ်ဘူး ပရိတ်သတ်တွေအနေနဲ့ အွန်လိုင်းပေါ်မှာပျံ့နှံ့နေတဲ့ ထိလွယ်ရှလွယ်တဲ့ သတင်းတွေနဲ့ပတ်သက်ရင် စဉ်းစားချင့်ချိန်ပြီးတော့မှ ယုံကြည်ကြဖို့လည်းတိုက်တွန်းလိုက်ပါတယ်။ တကယ်လို့ သတင်းအမှားအမှန်ကို ခွဲခြားစိစစ်ချင်တယ် ဆိုရင် အထက်မှာ ပြောပြခဲ့တဲ့နည်းလမ်းတွေနဲ့ ကိုယ်တိုင်စစ်ဆေးလို့လည်းရပါတယ်။

အခုတလော ပျံ့နှံ့နေတဲ့ တို့ဆေးနဲ့ ကလေးသူခိုးသတင်းတွေက ချဲ့ကားပြီးတော့ ရေးသားထားတာမျိုးတွေက အများဆုံးဖြစ်တဲ့အတွက် အစိုးရိမ်မလွန်ကြဖို့နဲ့ တကယ်လို့သတင်းအမှား/အမှန်သံသယရှိနေရင် Real or Not ရဲ့ Chatbot ကနေ လာရောက်ပြီး သတင်းအမှား/အမှန်စိစစ်ခိုင်းလို့ရပါတယ်။