Fact Check | မြောက်ဦးမြို့ လူနေရပ်ကွက်ထဲ တပ်မတော်က လက်နက်ကြီး တမင်ပစ်တာမဟုတ်ပဲ ပစ်မှတ်လွဲသွားတာပါဆိုတဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြောတယ်ဆိုတဲ့ သတင်းအမှား

မြောက်ဦးမြို့မှာ ဖြစ်ပွားခဲ့တဲ့ လူနေရပ်ကွက်ထဲ လက်နက်ကြီးကျလို့ လူသုံးဦးသေဆုံးသွားရတဲ့ဖြစ်စဉ်မှာ  တပ်မတော်က လက်နက်ကြီးကို တမင်ပစ်တာမဟုတ်ပဲ ပစ်မှတ်လွဲသွားတာပါဆိုတဲ့ သတင်းတစ်ပုဒ်ပျံ့နှံနေပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးက ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်က လက်နက်ကြီးကို တမင်ပစ်တာမဟုတ်ပဲ ပစ်မှတ်လွဲသွားလို့ မတော်တဆဖြစ်တာပါလို့ပြောတယ် ဆိုပြီး  ပျံ့နှံနေတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၂ရက်က တင်ထားတဲ့ ဒီသတင်းဟာ Share ပြုလုပ်သူ အရေအတွက် ၂၀၀၀ကျော်အထိရှိနေပြီး စာသားကိုကူးယူပြီး ပြန်တင်တဲ့သူတွေလည်း ရှိနေတဲ့အထိ ပျံ့နှံ့နေတာကြောင့် Real or Not က စစ်ဆေးကြည့်တဲ့အခါမှာ သတင်းမှားဖြစ်နေတာတွေ့ရပါတယ်။

ဘာကြောင့်သတင်းမှားလို့ပြောရလဲဆိုရင်…

(၁) မြောက်ဦးမြို့ မှာ တိုက်ပွဲဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းပြောတယ်ဆိုတဲ့ ဒီစကားကို သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နေတဲ့မီဒီယာတွေရဲ့  သတင်းဖော်ပြချက်တွေမှာ မတွေ့ရပါဘူး။ဒီဖြစ်စဉ်ဟာ ဒေသန္တရ မို‌င်းပေါက်ကွဲမှုသာဖြစ်တယ်ဆိုပြီးပဲ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောထား တဲ့သတင်းပဲတွေ့ရပါတယ်။ ဒီလင့်ခ်မှာ ဝင်ကြည့်နိုင်ပါတယ်။

https://news-eleven.com/article/148213

(၂) RFA သတင်းဌာနနဲ့ BBC သတင်းဌာနမှာလည်း လက်ပစ်ဗုံးပေါက်ကွဲတာပါလို့ တပ်မတော်ဘက်က ငြင်းဆိုထားပါတယ်။
ဒီလင့်ခ်တွေမှာ ဝင်ကြည့်နိုင်ပါတယ်။

https://www.bbc.com/burmese/burma-50629962

https://www.rfa.org/burmese/news/mrauku-explode-three-killed-six-injured-12032019035404.html 

(၃) ပေါက်ကွဲမှုဖြစ်စဉ်ဟာ တကယ်ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်ကနေ တမင်ပစ်တာမျိုးမဟုတ်ဘဲ ပစ်မှတ်လွဲချော်သွားတာဆိုပြီး ပြောတယ်ဆိုတဲစကားဟာတော့မဟုတ်ပါဘူး။ သတင်းဖတ်သူတွေ နားလည်မှုလွဲအောင် ဦးတည်ချက်လွဲမှားအောင် ရေးသားထားတဲ့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။

(၄) ဒီသတင်းအမှားကို တင်တဲ့အကောင့်ဟာ မင်းထက်ခိုင်ဆိုတဲ့ အကောင့်ဖြစ်ပြီး  မည်သူ၊မည်ဝါဆိုတာ ဖော်ပြထားတဲ့အကောင့်တစ်ခုမဟုတ်ပါဘူး။ ဒါ့ကြောင့် သတင်းရင်းမြစ် ခိုင်မာမှုလည်းမရှိပါဘူး။ စာဖတ်သူတွေအနေနဲ့  တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာသတင်းတစ်ပုဒ်ကိုဖတ်ပြီးပြီဆိုရင် စိုးရိမ်မှုတွေ၊ အမျက်ဒေါသတွေနဲ့ သတင်းကို Share မပြုလုပ်ကြဖို့လိုပါတယ်။ကိုယ်ဖတ်လိုက်ရတဲ့သတင်းဟာ  သတင်းမီဒီယာလုပ်ငန်းစဉ်တွေအတိုင်းလုပ်ဆောင်နေတဲ့မီဒီယာတွေမှာရော ဖော်ပြထားသလား၊အစိုးရရဲ့ သတင်းထုတ်ပြန်ချက်တွေ၊သက်ဆိုင်ရာအဖွဲ့အစည်းတွေ ရဲ့သတင်းထုတ်ပြန်ချက်တွေမှာရော ပါဝင်သလားဆိုတာနဲ့တိုက်ဆိုင်စစ်ဆေးဖို့လိုပါတယ်။

အကယ်၍ သတင်းအမှား/အမှန် စစ်ဆေးဖို့အချိန်မရှိဘူးဆိုရင်တော့ Real or Not ရဲ့ Chat Bot ကိုပေးပို့ပြီးသတင်းအမှား/အမှန် လာရောက်စစ်ဆေးခိုင်းလို့ရပါတယ်။

#RealorNot
#FactChecking