Fact Check | မြန်မာ့တပ်မတော်ကမုဒိန်းကျင့်လို့တိုင်းရင်းသူတစ်ဦးဆေးရုံရောက်ရတယ်ဆိုတဲ့သတင်းမှား

တပ်မတော်က မုဒိန်းကျင့်လို့ တိုင်းရင်းသူတစ်ဦး ဆေးရုံရောက်ရတယ်ဆိုတဲ့ သတင်းတစ်ပုဒ် ဖေ့ဘွတ်ခ်ပေါ် မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။အမျိုးသမီးတစ်ဦး အောက်ပိုင်းဗလာကျင်းဖြစ်နေပြီး ဆေးရုံပေါ်မှာ ဆေးကုသနေတဲ့ပုံကို ယှဉ်တွဲဖော်ပြပြီး ဒီသတင်းကို တင်ထားတာဖြစ်ပါတယ်။၂၀၁၅ခုနှစ် အောက်တိုဘာ ၁၈ရက်က တင်ထားတဲ့သတင်းဟာ ယခုရက်ပိုင်းအတွင်းမှာမှ Share ပြုလုပ်သူအဆမတန်များပြားလာတာဖြစ်ပြီး Share လုပ်သူအရေအတွက် ၁၆၀၀၀ ကျော်အထိ ရှိလာတာကြောင့် ဒီသတင်းကို Real or Not က စစ်ဆေးကြည့်လိုက်တဲ့အခါမှာ သတင်းမှားဖြစ်နေတာတွေ့ရပါတယ်။



ဘာလို့သတင်းမှားလို့ ပြောရလဲဆိုရင်…

(၁) Real or Not က ဒီသတင်းမှာ ပါဝင်တဲ့ ဓာတ်ပုံကို Goole Image Search ၊ Yandex တို့နဲ့စစ်ဆေးကြည့်ရာမှာ ဒီဓာတ်ပုံရဲ့ မူလအရင်းအမြစ်ဟာ David Hogsholt Photography  ဝက်ဘ်ဆိုဒ်ဖြစ်ပြီးတော့ ဒီဓာတ်ပုံကို ရိုက်ကူးသူဟာလည်း David Hogsholt ဆိုတဲ့ ဒိန်းမတ်နိုင်ငံသား ဓာတ်ပုံဆရာတစ်ယောက်ဖြစ်တာကိုတွေ့ရပါတယ်။ ဒီလင့်ခ်မှာ  ဝင်ကြည့်နိုင်ပါတယ်။

(၂)ဓာတ်ပုံရဲ့ အရင်းအမြစ်ကို သိရရုံနဲ့တင် မလုံလောက်သေးပဲ သတင်းဖြစ်ရပ်ကိုပါ သိရအောင်လို့ဓာတ်ပုံရဲ့ ပုံစာမှာ ရေးထားတဲ့ Lamung Kailing ဆိုတဲ့ စကားလုံးနဲ့ရှာကြည့်တဲ့အခါမှာတော့ပုံမှာပါဝင်တဲ့ ဒဏ်ရာရနေတဲ့အမျိုးသမီးဟာ ကချင်တိုင်းရင်းသူ  Lamung Kailing ဖြစ်ကြောင်းသိရပါတယ်။သူမဟာ ၂၀၁၂ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်က ကချင်ပြည်နယ် လိုင်ဇာမြို့အနီး တပ်မတော်နဲ့ KIA တိုက်ပွဲဖြစ်ပွားစဉ်အတွင်း လိုင်ဇာမြို့အနီးက သူမနေထိုင်တဲ့ကျေးရွာတစ်ရွာကို လက်နက်ကြီး ကျရောက် မှုကြောင့် ဒဏ်ရာရခဲ့တာပဲဖြစ်ပါတယ်။ဓာတ်ပုံကိုတော့ လိုင်ဇာမြို့က ဆေးရုံမှာရိုက်ကူးခဲ့တာဖြစ်ပါတယ်။ဒီဓာတ်ပုံအပြင် ရှုထောင့်မတူတဲ့ အခြား ဓာတ်ပုံတစ်ပုံကိုလည်း ဧရာဝတီသတင်းဌာနက ဓာတ်ပုံသတင်း‌ထောက် Simon Roughneen က ရိုက်ကူးထားတာကိုတွေ့ရပါတယ်။ ဒီလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ဒါ့ကြောင့်မို့လို့ ဒီဖြစ်ရပ်ဟာ တပ်မတော်က မုဒိန်းကျင့်လို့ သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်လုံးဝမဟုတ်ပါဘူး။ တပ်နဲ့ KIA တိုက်ပွဲဖြစ်ပွားစဉ် ဒဏ်ရာရသွားခဲ့တဲ့ အရပ်သားတွေရဲ့ဖြစ်ရပ်ပဲဖြစ်ပါတယ်။

(၃)ဒီဓာတ်ပုံရဲ့ မူလအရင်းအမြစ်ကို ရှာဖွေတဲ့အခါ ဒီဓာတ်ပုံကို နိုင်ငံခြား ဝက်ဘ်ဆိုဒ်တွေကနေ ကူးယူဖော်ပြပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေအကြောင်း ရေးထားတဲ့ ဆောင်းပါးတွေမှာ ထည့်သွင်းဖော်ပြထားတာကိုလည်းတွေ့ရပါ တယ်။ကချင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကို ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့သယောင်ယောင် ဓာတ်ပုံကိုသုံးပြီးလွဲမှားစွာ ချိတ်ဆက်ဖော်ပြကြတာမျိုးလည်းတွေ့ရပါတယ်။ 

 

 

ဒါ့ကြောင့် ထိတ်လန့်စရာ၊အံ့သြစရာ၊ဝမ်းနည်းစရာ၊ဒေါသထွက်စရာ ဓာတ်ပုံမျိုးတွေ သတင်းမျိုးတွေတွေ့ရင် စိတ်လှုပ်ရှားပြီး ပြန်လည်ဖြန့်ဝေတာတွေ၊Share တာတွေ မပြုလုပ်ကြပါနဲ့။သတင်းမှားဖန်တီးသူတွေဟာ စာဖတ်သူတွေရဲ့ စိတ်ကို ထိခိုက်ခံစားရအောင် ပြုလုပ်ပြီး သတင်းမှားတွေဖန်တီးဖြန့်ဝေလေ့ရှိတယ်ဆိုတာမမေ့ပါနဲ့။သတင်းမှာပါဝင်တဲ့အချက်အလက်၊ ဓာတ်ပုံစတာတွေကို စစ်ဆေးဖို့လိုပါတယ်။အလွယ်ကူဆုံးအနေနဲ့သတင်းကိုတင်ထားတဲ့ ရက်စွဲ၊အချိန်ကိုလေ့လာလို့ရပါတယ်။ရက်စွဲက ကာလအတန်အကြာနေပြီဆိုရင်ဒီသတင်းက ဘာလို့ အခုမှပျံ့နှံ့လာတာလဲဆိုတာကို စဉ်းစားပေးကြဖို့ တိုက်တွန်းလိုပါတယ်။

အကယ်၍ စစ်ဆေးဖို့အချိန်မရှိဘူးဆိုရင်တော့ Real or Not ရဲ့ Chat Bot ကိုလာပြီး သတင်းအမှားအမှန်လာရောက်မေးမြန်းစိစစ်ကြပါလို့ အကြံပြုချင်ပါတယ်။