Fact Check | ဒီဇင်ဘာ၂၄ရက်မှ ၂၉ ရက်နေ့အထိ အန္တရာယ်အလွန်ရှိသောအအေးလှိုင်းဖြတ်မည်ဆိုသည့် သတင်းအမှား

Real or Not (ဟုတ်တယ်Vs မဟုတ်ဘူး) က ပြောပြပေးချင်တဲ့ သတင်းအမှားတစ်ပုဒ်ရှိပါတယ်။ အဲ့ဒီသတင်း အမှားကတော့ ဒီဇင်ဘာ၂၄ရက်မှ ၂၉ ရက်နေ့အထိ အန္တရာယ်အလွန်ရှိသောအအေးလှိုင်းဖြတ်မည်ဆိုသည့် သတင်းအမှား ပဲဖြစ်ပါတယ်။ 

 

အဲ့ဒီသတင်းအမှားဟာ ဖေ့ဘွတ်ခ်စာမျက်နှာတွေ၊အကောင့်တွေမှာ ပျံ့နှံ့နေပြီးတော့ ကော်ပီယူပြီး ပြန်တင်တဲ့ သူတွေလည်းအရမ်းများနေတာမို့ အချက်အလက်စစ်ဆေးခဲ့ပါတယ်။ အချက်အလက်စစ်ဆေးပြီးတဲ့အခါမှာတော့ ဒီသတင်းက သတင်းအမှားဖြစ်ကြောင်းစိစစ်တွေ့ရှိရတဲ့အတွက် Real or Not (ဟုတ်တယ်Vs မဟုတ်ဘူး) ပရိတ်သတ်ကြီး ကိုလည်းသိစေချင်တဲ့အတွက်ပြောပြရခြင်းဖြစ်ပါတယ်။

ဘာလို့ဒီသတင်းကသတင်းအမှားလို့ပြောရတာလည်းဆိုရင် 

(၁) သတင်းမှာ တိကျသေချာတဲ့ အရင်းအမြစ်ကိုဖော်ပြထားခြင်းမရှိဘဲနဲ့  အမေရိကန် နာဆာဂြိုလ်ထုသတင်း၏ ပေးပို့ချက်အရ ဆိုတာမျိုးနဲ့ မြန်မာမိုးလေဝသသတင်းဋ္ဌာန ကထုတ်ပြန်ထားတယ်ဆိုတာမျိုးကိုပဲဖော်ပြထားတာတွေ့ရ ပါတယ်။ ပြီးတော့ ဒီသတင်းအမှားကို စပြီးတင်တဲ့ ဖေ့ဘွတ်ခ်စာမျက်နှာနဲ့ဝဘ်ဆိုက်ဒ်ကလည်း သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းရေးသားထုတ်ဝေနေတဲ့သတင်းဌာန တစ်ခုမဟုတ်ပါဘူး။Facebook ရဲ့  Instant Article ဝန်ဆောင်မှုကိုရယူအသုံးပြုပြီး Ad တွေကနေ ဝင်ငွေရနေတဲ့စာမျက်နှာတစ်ခုသာ ဖြစ်ပါတယ်။ လူဝင်ကြည့်လေ ဝင်ငွေပိုရလေဖြစ်တဲ့အတွက် ဒီလိုမျိုးလူစိတ်ဝင်စားနိုင်တဲ့သတင်းအမှားတွေ ကို တင်လေ့ရှိတတ်ကြပါတယ်။ 

(၂) သတင်းအမှားမှာ ရေးသားထားတဲ့ မြန်မာမိုးလေဝသသတင်းဌာနဆိုတာ တကယ်မရှိပါဘူး။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ပဲရှိပြီးတော့ နေ့စဉ်မိုးလေဝသခန့်မှန်းချက်တွေကိုထုတ်ပြန်ပေးနေပြီး တော့ သတင်းအမှားမှာဖော်ပြထားသလို အအေးလှိုင်းဖြတ်မယ်ဆိုတာ ကိုမထုတ်ပြန်ထားပါဘူး။ ဒီလင့်ခ်ကနေ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

https://www.moezala.gov.mm/my 

(၃) အအေးလှိုင်းဖြတ်မယ်ဆိုတဲ့အကြောင်းကို မြန်မာနိုင်ငံအခြေစိုက် သတင်းမီဒီယာလုပ်ငန်းစဉ်တွေအတိုင်းရေးသား ထုတ်ဝေနေတဲ့ သတင်းဌာနတွေနဲ့ နိုင်ငံပိုင်သတင်းမီဒီယာတွေမှာလည်းသတင်းဖော်ပြထားတာမျိုးမရှိပါဘူး။

(၄) ဒီဇင်ဘာ၂၄ရက်မှ ၂၉ ရက်နေ့အထိ အန္တရာယ်အလွန်ရှိသောအအေးလှိုင်းဖြတ်မည်ဆိုသည့် သတင်းအမှား က အရင်နှစ်တွေတုန်းကလည်း ဖေ့ဘွတ်ခ်စာမျက်နှာတွေပေါ်မှာပျံ့နှံ့ ခဲ့တဲ့သတင်းအမှားအဟောင်းဖြစ်ပါတယ်။ မကြာသေး ခင်က ကွယ်လွန်သွားခဲ့တဲ့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကိုယ်တိုင်မနှစ်က သတင်းအမှားဖြစ်ကြောင်းဖြေရှင်းခဲ့ ဖူးပါတယ်။ ဒီလင့်ခ်ကနေသွားရောက်ဖတ်ရှုနိုင်ပါတယ်။ 

https://www.facebook.com/photo.php?fbid=2421188717895686&set=a.312564602091452&type=3&permPage=1 

လူမှုမီဒီယာတွေပေါ်မှာ သတင်းတွေက ယုံကြည်လို့မရတဲ့အတွက် တွေ့သမျှသတင်းတိုင်းကိုယုံကြည်လို့မရပါဘူး။ ဒါကြောင့်ကိုယ့်စိတ်ထဲမှာ ဒွိဟဖြစ်လာတဲ့သတင်းတိုင်းကို အထက်မှာဖော်ပြခဲ့တဲ့နည်းလမ်းတွေနဲံ့စစ်ဆေးလို့ရပါတယ်။ သတင်းအမှားကို သေချာမစိစစ်မိပဲ စိုးရိမ်ကြောင့် ပြန်ပြီးမျှဝေတာမျိုးက ဆိုးကျိုးတွေဖြစ်ပေါ်တတ်တာမို့လို့ သတိထား ရှောင်ကျဉ်ဖို့လည်းလိုပါတယ်။ ဒီလို ရာသီဥတုအရေးနဲ့ပတ်သက်ရင် အပြင်မှာပဲဖြစ်စေ၊အွန်လိုင်းပေါ်မှာပဲဖြစ်စေ အရပ်ပြော စကားတွေကို မယုံကြည်ပဲမိုးလေဝသပညာရှင်တွေ၊အစိုးရ မိုးလေဝသနှင့်ဇ လဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့သတင်း ထုတ်ပြန်ချက်တွေကိုသာ ယုံကြည်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ 

သတင်းအမှား/အမှန်စိစစ်ဖို့အချိန်မရှိဘူးဆိုရင်လည်း ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ Chatbot ကို ကိုယ်ဖတ်လိုက်ရတဲ့သတင်းရဲ့ Link (သို့မဟုတ်) Screen Shot ကိုပေးပို့ပြီး သတင်းအမှား/အမှန် စိစစ်ခိုင်းလို့ရပါတယ်။