Real or Not (ဟုတ်တယ် Vs မဟုတ်ဘူး) က ဒီနေ့ နိုဝင်ဘာ ၁၃ ရက်နေ့မှာ အချက်အလက်စစ်ဆေးခဲ့ပြီး သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရတဲ့သတင်းအမှားတစ်ပုဒ်ကိုဖော်ပြပါမယ်။
အဲ့ဒီသတင်းအမှားကို RFM (လွတ်လပ်တဲ့မြန်မာ့အသံ) ဆိုပြီး Photoshop နဲ့ပြုလုပ်ထားတဲ့ ပုံတစ်ခုမှာ ရေးသားထားပြီးတော့ နေပြည်တော်တွင်ကျင်းပသည့် ဒေါင်းပြတိုက်ဖွင့်ပွဲကိုမကြွရောက်သည့်အတွက် ပါချုပ်ဆရာတော်ကိုတာဝန်မှ အနားယူရန် NLD အစိုးရက ဖိအားပေးခြိမ်းခြောက် တယ်ဆိုပြီး ဖတ်ရှုသူ နားလည်မှုလွဲမှားအောင် ရည်ရွယ်ချက်ရှိရှိရေးသားဖန်တီးထားတာဖြစ်ပါတယ်။ အဲ့ဒီသတင်းအမှားက ဖေ့ဘွတ်ခ် ပေါ်မှာ ပျံ့နှံ့နေတဲ့အပြင် လူပေါင်းများစွာက Share ပြုလုပ်ထားတဲ့အတွက် အချက်အလက်စစ်ဆေးရခြင်းဖြစ်ပါတယ်။
ဘာကြောင့် သတင်းအမှားလို့ပြောရတာလဲဆိုရင်
(၁) RFM(လွတ်လပ်တဲ့မြန်မာ့အသံ) ဆိုတာ တကယ်မရှိဘဲ RFA(လွတ်လပ်တဲ့အာရှအသံ) နဲ့ဆင်တူယိုးမှား ဖြစ်အောင် ဖိုတိုရှော့နဲ့ပြုပြင်ဖန်တီးထားတာဖြစ်ပါတယ်။
(၂) ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ကို ပါမောက္ခချုပ် ရာထူးကနေ နှုတ်ထွက်ဖို့ ဖိအားပေးခဲ့တယ်ဆိုတာမဟုတ်မှန် ကြောင်းနဲ့ ဆရာတော်ကြီးကိုယ်တိုင် က သက်တော်(၈၀)ကျော်လာပြီဖြစ်သလို ကျန်းမာရေးအရအနားယူချင်လာလို့ အနားယူလိုက်တာလို့ ဆရာတော်ကြီးရဲ့ ကပ္ပိယ ဦးစိုင်းပိုချစ်က ပြောကြားခဲ့တယ်လို့ One News Myanmar ကရေးသားထားပါတယ်။ ဒီလင့်မှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။
https://www.facebook.com/onenewsmyan/photos/a.1515516265429581/2363000760681123
(၃) ပါချုပ်ဆရာတော်ကိုရာထူးကနေ NLD အစိုးရက ဖိအားပေးဖယ်ရှားတယ်ဆိုတာ သတင်းအတုဖြစ်ကြောင်း NLD ပါတီ ဗဟို ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က Myanmar Time သတင်းဌာနကိုဖြေကြားထား ပါတယ်။ ဒီလင့်မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်
https://myanmar.mmtimes.com/news/130842.html
(၄) ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသသည် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ပါမောက္ခချုပ်တာဝန်မှ အနားယူခြင်းမှာ စည်းမျဉ်းဥပဒေအရ ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ဝန်ကြီးရုံး၊ သာသနာရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက Eleven Media Group ကို ဖြေကြားထား ပါတယ်။ ဒီလင့်မှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။
https://news-eleven.com/article/145281
လူမှုကွန်ရက်တွေပေါ်မှာ ယုံကြည်စိတ်ချရတဲ့သတင်းဌာနတွေကမဟုတ်ဘဲ သတင်းဌာနပုံစံမျိုးနဲ့သတင်းတွေ ရေးသားဖော်ပြနေကြတဲ့အတွက် သတင်းတိုင်းကိုယုံကြည်လို့မရပါဘူး။ သတင်းအမှား/အမှန်ခွဲခြားသိဖို့ အတွက် သတင်းတိုင်းကို အနည်းဆုံး နှစ်ခါပြန်ဖတ်ဖို့လိုအပ်သလို သတင်းမှာပါဝင်တဲ့အကြောင်းအရာ၊ အချက်အလက်၊ အရင်းအမြစ်တွေကို သတိထားဖတ်ရှူဖို့လိုအပ်ပါတယ်။ သတင်းအမှားလို့ သံသယရှိရင် အထက်မှာ ဖော်ပြခဲ့တဲ့နည်းလမ်းမျိုးနဲ့ တိုက်ဆိုင်စစ်ဆေးလို့ရသလို Real or Not (ဟုတ်တယ် Vs မဟုတ်ဘူး) ရဲ့ Chat Bot ကနေ ကိုယ်စစ်ဆေးလိုတဲ့ သတင်းရဲ့ ပို့စ် (သို့မဟုတ်) လင့်ခ်နဲ့ Screen Shot ကိုပေးပို့ပြီး အချက်အလက် စစ်ဆေးခိုင်းလို့ရပါတယ်။