Fact Check|ရွေးကောက်ပွဲကိုရည်ရွယ်ပြီး သတင်းအမှားတွေ ထုတ်လွှင့်နေတဲ့ သတင်းပေ့ချ်တစ်ခုအကြောင်း

ရွေးကောက်ပွဲကိုရည်ရွယ်ပြီး သတင်းအမှားတွေ ထုတ်လွှင့်နေတဲ့ သတင်းပေ့ချ်တစ်ခုအကြောင်း

Real or Not ကို သတင်းအမှား/အမှန် လာရောက်စစ်ဆေးမေးမြန်းကြသူတွေရဲ့ တောင်းဆိုချက်အရရယ်၊ Real or Not က လေ့လာတွေ့ရှိချက်တွေအရရယ် သတင်းအမှားတွေဆက်တိုက် ထုတ်လွှင့်နေတဲ့ သတင်းပေ့ချ်တစ်ခုအ‌ကြောင်းကို ‌ပြောပြပါမယ်။

အဲဒီသတင်းပေ့ချ်ရဲ့နာမည်ကတော့ နေလ မီဒီယာဖြစ်ပြီး ဒီ‌ပေ့ချ်ကနေ သတင်းမှားတွေနဲ့ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ထားတဲ့ သတင်းမီဒီယာတွေက သတင်းတွေကို ကူးယူပြီး တင် တဲ့ပေ့ချ်တစ်ခုဖြစ်ပါတယ်။

စက်တင်ဘာ ၁ရက်ကနေ စက်တင်ဘာ ၂၀ရက် (ယနေ့အထိ) ဒီပေ့ချ်ကတင်တဲ့ သတင်းတွေကို လေ့လာကြည့်တဲ့အခါမှာ သတင်း ၃၅ပုဒ် တင်ထားတာတွေ့ရပါတယ်။

ဒီသတင်း ၃၅ပုဒ် တင်ထားရာမှာ သတင်းမှားက ၂၀ ပုဒ်ဖြစ်ပြီး သတင်းမီဒီယာတွေကနေ ကူးယူဖော်ပြတဲ့သတင်းကတော့ ၁၅ပုဒ်ဖြစ်ပါတယ်။

ဒီသတင်းမှား အပုဒ်၂၀ကို Real or Not ကဖတ်ရှုစစ်ဆေးကြည့်တဲ့အခါမှာ ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို သတင်းမှားဖန်တီးထားတဲ့သတင်းက အများစုဖြစ်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကော်မရှင်၊ တိုင်းရင်းသားလက်နက်ကိုင်နဲ့ တိုင်း‌ဒေသကြီး၀န်ကြီးချုပ်တွေ အကြောင်းဖန်တီးထားတဲ့သတင်းမှားတွေလည်း ပါ၀င်ပါတယ်။

ဒီသတင်းတွေကို သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့ ယုံကြည်ရတဲ့သတင်းမီဒီယာတွေမှာဖော်ပြထားခြင်းမရှိသလို၊ သက်ဆိုင်ရာ အစိုးရဌာနတွေရဲ့ တရား၀င်သတင်းထုတ်ပြန်ချက်တွေမှာလည်းဖော်ပြ ထားခြင်းမရှိပါဘူး။ဒါကြောင့်မို့လို့ ဒီသတင်းတွေဟာ သတင်းမှားတွေဖြစ်ပါတယ်လို့ Real or Not က ပြောရခြင်းဖြစ်ပါတယ်။

ဒီလို သတင်းအမှားတွေနဲ့ သတင်းမီဒီယာတွေကနေ ကူးယူဖော်ပြတဲ့သတင်းတွေကို ယှဉ်တွဲတင်ပြီး ဖတ်ရှုတဲ့သူ တွေရဲ့ ယုံကြည်မှုရအောင် ပြုလုပ်တာဖြစ်ပါတယ်။

ဒါ့အပြင် သတင်းတွေအဆက်မပြတ်တင်ခြင်းအားဖြင့်လည်း ဒီပေ့ချ်ကို လူတွေယုံကြည်ရတဲ့သတင်းမီဒီယာပေ့ချ် တစ်ခုအဖြစ်ရှုမြင်လာအောင် ကြိုးစားထားတာတွေ့ရပါတယ်။

သတင်းအမှားတွေကို လေ့လာကြည့်မယ်ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ပါတီ၊ရွေးကောက်ပွဲကော်မရှင်၊ တိုင်းရင်းသားလက်နက်ကိုင်နဲ့ တိုင်း‌ဒေသကြီး၀န်ကြီးချုပ်တွေကိုသတင်းမှားပြုလုပ်ပြီးလုပ်ကြံရေးသားထားတာတွေ‌ကြောင့် ရွေးကောက်ပွဲအတွက် ရည်ရွယ်ပြီး ရေးသားထားတယ်လို့ Real or Not က သုံးသပ်ပါတယ်။

ဒါ့ကြောင့် ဒီလို သတင်းမီဒီယာအ‌ယောင်ဆောင်ပေ့ချ်တွေကို စာဖတ်သူတွေအနေနဲ့ မယုံကြည်မိအောင်၊ ဒီလိုပေ့ချ်တွေက တင်တဲ့ရေးတဲ့ သတင်းမှားတွေကို အချင်းချင်း share မလုပ်မိအောင် Real or Not က တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် သတင်းမှားလို့ သံသယရှိရင်လည်း သတင်းပို့စ်ရဲ့လင့်ခ် (သို့မဟုတ်) Screen Shot ကို Real or Not ရဲ့ Chat Bot ကိုပေးပို့မေးမြန်းပြီး သတင်းအမှား/အမှန် စစ်ဆေးလို့ရပါတယ်။