Fact Check|၂၀၂၀ အထွေထွေရွေးကောက်ပွဲအား ၆ လစောပြီး မေလတွင်ကျင်းပမည် ဆိုသည့် သတင်းအမှား

၂၀၂၀ အထွေထွေရွေးကောက်ပွဲအား ၆ လစောပြီး မေလတွင်ကျင်းပမည် ဆိုသည့် သတင်းအမှား

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကို ၆ လစောပြီး မေလ မှာ ကျင်းပမယ်ဆိုတဲ့သတင်းအမှားတစ်ခုလူမှုကွန်ရက်စာမျက်နှာမှာပျံ့နှံ့နေတာကိုတွေ့ရပါတယ်။ ဒီသတင်းအမှားကိုတော့ နေလမီဒီယာ ဆိုတဲ့ ဖေ့ဘွတ်စာမျက်နှာကနေ စက်တင်ဘာ ၁၉ရက် မွန်းလွဲ ၁၂နာရီလောက်ကတင်ခဲ့တာဖြစ်ပါတယ်။ ဒီသတင်းဟာ သတင်းအမှားဖြစ်တဲ့အကြောင်းကို Real or Not ကပြောပြပေးသွားပါမယ်။

(၁) ဒီသတင်းအမှားနဲ့ပတ်သက်ပြီး Real or Not က အချက်အလက်တွေကိုစစ်ဆေးကြည့်တဲ့အခါမှာ သတင်းထဲ မှာဖော်ပြထားတဲ့ သတင်းအရင်းမြစ်က ခိုင်မာမှုမရှိဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံး အသိုင်းအဝိုင်းမှကြားသိရတယ်လို့သာရေးသားထားပြီး၊ နာမည်၊ ရာထူး မဖော်ပြထားဘဲ ရေးသားထားတာကိုတွေ့ရပါတယ်။

(၂) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဝဘ်ဆိုဒ်မှာ သွားရောက်စစ်ဆေးကြည့်တဲ့အခါမှာလည်း အဆိုပါရွေးကောက်ပွဲကို (၆)လ စောကျင်းပမယ်ဆိုတဲ့အကြောင်းကို သတင်းထုတ်ပြန်ထားတာမရှိပါဘူး။ ဒီလင့်မှာသွား ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.uec.gov.mm/index.php

(၃) ဒါ့အပြင် နိုင်ငံတော်သမ္မတရုံးဝဘ်ဆိုက်ဒ်မှာလည်း ဒီသတင်းနဲ့ပတ်သက်ပြီးထုတ်ပြန်ထားတာမရှိပါဘူး။ ဒီလင့်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
http://www.president-office.gov.mm/

(၄) သတင်းမီဒီယာလုပ်ငန်းစဉ်တွေအတိုင်းလုပ်ဆောင်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဒီသတင်းနဲ့ပတ်သက်ပြီးသတင်းဖော်ပြထားတာမရှိပါဘူး။

(၅) ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဝဘ်ဆိုဒ်မှာလည်း ဒီသတင်းနဲ့ပတ်သက်ပြီး သတင်းဖော်ပြထားတာမရှိပါဘူး။ ဒီလင့်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.moi.gov.mm/

ဒါကြောင့် နေလမီဒီယာဆိုတဲ့ ဖေ့ဘွတ်စာမျက်နှာကနေပြီး ရေးသားထားတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အား ၆ လစောပြီး မေ လတွင်ကျင်းပမည် ဆိုတဲ့သတင်းဟာ သတင်းအမှားဖြစ်ကြောင်း Real or Not က စစ်ဆေးတွေ့ရှိ ရတဲ့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ရွေးကောက်ပွဲနီးလာတာနဲ့အမျှသတင်းအမှားတွေက ပျံ့နှံ့တတ်လို့ သတင်းမီဒီယာလုပ်ငန်းစဉ်တွေအတိုင်းလုပ်ဆောင်ပြီး တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေ အစိုးရသတင်းထုတ်ပြန်ချက်တွေမဟုတ်ရင် မယုံကြည်မိဖို့လိုပါတယ်။ အွန်လိုင်းသုံးရင်း ဖေ့ဘွတ်စာမျက်နှာတွေမှာ ကိုယ့်စိတ်ထဲဒွိဟဖြစ်စေတဲ့သတင်းမျိုးတွေတွေ့ခဲ့မယ်ဆို ရင်တော့ သတင်းပို့စ်ရဲံ့ link နဲ့ ScreenShot ကို Real or Not ရဲ့ Chat bot ကို ပေးပို့ပြီး သတင်းအမှား/အမှန်လာရောက်စစ်ဆေးလို့ရပါတယ်။