Fact Check | အရေးပေါ်အခြေအနေတွေမှာ ကြုံတွေ့ရတဲ့သတင်းမှားပြဿနာ

အရေးပေါ်အခြေအနေတွေမှာ ကြုံတွေ့ရတဲ့သတင်းမှားပြဿနာ

အခုမြန်မာနိုင်ငံအောက်ပိုင်းဖြစ်တဲ့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ရေကြီး၊ရေမြုပ်နေတဲ့ အရေးပေါ်အခြေအနေတွေဖြစ်ပွားနေပါတယ်။အက်ဒမင်တို့လည်း ဖေ့ဘွတ်ခ်ကြီးကြည့်ပြီး အဲဒီဒေသကလူတွေအတွက် စိုးရိမ်ပူပန်နေပါတယ်။


လုံလောက်တဲ့ကူညီကယ်ဆယ်မှုတွေအမြန်ဆုံးရရှိပါစေ၊ရေတွေအမြန်ဆုံးပြန်ကျသွားပါစေလို့လည်း ဆုတောင်းပေးနေပါတယ်။ ဒါပေမယ့် . တဆက်ထဲမှာပဲ ဖေ့ဘွတ်ခ်ပေါ်မှာ ဒီလိုရေကြီးနစ်မြုပ်တဲ့သတင်းတွေကို သတင်းမှားတွေ ပြုလုပ်ဖန်တီးပြီး လူတွေအာရုံဝေဝါးအောင်၊စိုးရိမ်ထိတ်လန့်အောင်လုပ်နေကြတာတွေ့ရပါတယ်။

ပထမပုံကို ကြည့်မယ်ဆိုရင် ရေကြီးနေတဲ့ ပေါင်မြို့နယ်မှာ လူတွေက အကူအညီသွားတောင်းပေးမယ့် NLD ပါတီက အကူအညီမပေးလိုက်ဘူးဆိုပြီးသတင်းမှားဖန်တီးဖြန့်ဝေထားတာတွေ့ရပါတယ်။ ဒီသတင်းမှားကိုတင်တဲ့ ခေတ်သစ်မီဒီယာဆိုတာ သတင်းမှားတွေဖန်တီးဖြန့်ဝေတဲ့ ပေ့ချ်တစ်ခုဖြစ်ပါတယ်။ သတင်းမီဒီယာတွေမှာလည်း ဒီသတင်းကို ဖော်ပြထားတာမတွေ့ရပါဘူး။ရေကြီးနစ်မြုပ်နေတဲ့သတင်းကို အကြောင်းပြုပြီး နိုင်ငံရေးအရ ဝေဖန်တိုက်ခိုက်တဲ့ ပုံစံတစ်မျိုးပဲဖြစ်ပါတယ်။

ဒုတိယပုံကိုကြည့်မယ်ဆိုရင်လည်း ရေကြီးနစ်မြုပ်နေတဲ့ မြဝတီမြို့နယ်မှာ မိကျောင်းတစ်ကောင်ဝင်နေပြီဆိုပြီး Photoshop ပြုလုပ်ပြီး တင်ထားတာတွေ့ရပါတယ်။တင်ထားတဲ့ဂရုကလည်း မြဝတီမြို့နဲ့ပတ်သက်တဲ့ သတင်းဂရုတစ်ခုဖြစ်ပြီး ဒီသတင်းမှားကြောင့် ရေဘေးသင့်ပြည်သူတွေ ပိုမိုစိုးရိမ်ထိတ်လန့်စေနိုင်ပါတယ်။ သာမန်အချိန်မှာတော့ ဒါဟာ Photoshopတစ်ခုဖြစ်နိုင်တယ်လို့ သုံးသပ်နိုင်ကြပေမယ့် စိုးရိမ်ထိတ်လန့်မှု တွေဖြစ်နေချိန်မှာ အမှား/အမှန် မခွဲခြားနိုင်ပဲ တဆင့်ဖြန့်ဝေတာတွေဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ဒီလိုသတင်းမှားတွေတင်မကပဲ မိုးလေဝသ သတင်းနဲ့ပတ်သက်ပြီး အတည်ပြုလို့မရတဲ့ သတင်းအချက်အလက်တွေကလည်း ဖေ့ဘွတ်ခ်ပေါ်မှာ အများကြီးထွက်ပေါ်နေပါတယ်။ အခုလိုခေတ်ကြီးထဲမှာ မိုးလေဝသခန့်မှန်းချက်တွေထုတ်ပြန်တဲ့ app တွေကလည်း ရှိနေတာမို့ လူတွေက အဲဒီ app တွေကနေကြည့်ပြီး မိုးလေဝသအခြေအနေထုတ်ပြန်ချက်တွေကို တင်လေ့ရှိကြပါတယ်။ မိုးလေဝသ ကျွမ်းကျင်သူတွေမဟုတ်ကြတာကြောင့် အချက်အလက်တွေက အမှန်လည်းဖြစ်နိုင်သလို၊အမှားလည်းဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် ဒီမိုးလေဝသသတင်းတွေနဲ့ပတ်သက်ရင်လည်း အက်ဒမင်တို့ အကောင်းဆုံးအကြံပေးချင်တာကတော့ (၁) မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ချက်တွေကိုသာ ယုံကြည်တာ အကောင်းဆုံးပါ။

Facebook Link – https://www.facebook.com/dmhmoezalanaypyitaw/

Website Link – https://www.moezala.gov.mm/daily-weather-forecast%20

(၂)မိုးလေဝသပညာရှင် တစ်ဦးဖြစ်တဲ့ ဒေါက်တာထွန်းလွင်ရဲ့ ထုတ်ပြန်တဲ့သတင်းတွေကို ဖတ်ပါ။
Facebook Link- https://www.facebook.com/tunlwin48

(၃) အစိုးရသတင်းထုတ်ပြန်ချက်တွေ၊သတင်းမီဒီယာတွေက သတင်းဖော်ပြချက်တွေနဲ့ ကိုယ်ဖတ်လိုက်ရတဲ့ ဖေ့ဘွတ်ခ်ပေါ်က သတင်းကို တိုက်ဆိုင်စစ်ဆေးပါ လို့ ပရိသတ်ကြီးကို အကြံပေးပါရစေ။

ရေတွေလည်း အမြန်ဆုံးပြန်လည်ကျဆင်းပါစေ။သတင်းမှားတွေလည်း ကင်းဝေးပါစေလို့အက်ဒမင်တို့ ဆုတောင်းလိုက်ပါတယ်။