Fact Check | ကချင်နိုင်ငံတော်ထူထောင်ရန် ဆုံးဖြတ်သည့်သတင်း

ပြည်တွင်းပြည်ပ ကချင်လူမျိုးတွေပါဝင်တဲ့ ကချင်အမျိုးသားညီလာခံတရပ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ၃ ရက်တာ ကျင်းပခဲ့ပြီး အဲဒီညီလာခံကနေ လွတ်လပ်သော ကချင်နိုင်ငံတော်ထူထောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။

ကချင်နိုင်ငံတော်မှာ လက်ရှိကချင်ပြည်နယ်အတွင်း နေထိုင်တဲ့ တိုင်းရင်းသား ပြည်သူတွေ အားလုံးပါဝင်ပြီး လွတ်လပ်သော ကချင်နိုင်ငံတော်ဖြစ်ပေါ်ရေးအတွက် လက်နက်ကိုင်နည်းလမ်း တင်မကဘဲ ငြိမ်းချမ်းသော နည်းလမ်းတွေနဲ့ပါ ဆွေးနွေးအဖြေရှာသွားမယ်လို့ ကချင်အမျိုးသား ညီလာခံဖြစ်မြောက်ရေးကော်မတီဝင် ဦးနော်လတ်က ဒီဗွီဘီကို ပြောပါတယ်။

“သီးခြားကချင်နိုင်ငံတည်ထောင်မယ်။ ပြီးတော့ ဒီနိုင်ငံထဲမှာ မှီတင်းနေထိုင်တဲ့ ကချင်ပြ ည်သူပြည်သားတွေပေါ့နော်၊ ကချင်ပြည်သူပြည်သားလို့ဆိုရာမှာ ကချင်ပြည်မှာရှိတဲ့ ညီနောင်တိုင်း ရင်းသားအားလုံးကိုဆိုလိုခြင်းဖြစ်တယ်၊ အားလုံးအခွင့်အရေးတန်းတူရှိတဲ့နိုင်ငံ တည်ထောင်မယ်။ သီးခြားကချင်နိုင်ငံတည်ထောင်ရာမှာ လက်နက်ကိုင်လမ်းစဉ်ကိုဘဲ လုပ်ဆောင်ခြင်းမဟုတ်ဘူး၊ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ရော ကျနော်တို့လိုချင်တဲ့ ပန်းတိုင်ရောက်အောင် အဖြေရှာမယ်ဆိုတာကို ဆုံးဖြတ်ချက်ချထားတာဖြစ်တယ်။”

ကေအိုင်အို/ကေအိုင်အေဟာ သီးခြားလွတ်လပ်သော ကချင်နိုင်ငံဖြစ်ဖို့ တည်ထောင်ခဲ့ တာဖြစ်ကြောင်း၊ နှစ်ကာလကြာပြီး နိုင်ငံရေးအခြေအနေပြောင်းလဲမှုအရ မြန်မာအစိုးရနဲ့ စားပွဲ ဝိုင်းပေါ်ဆွေးနွေးတဲ့ အဆင့်ရောက်ရှိလာကြောင်း၊ အဆိုပါ ဆွေးနွေးမှုမှာ ထင်သာမြင်သာရှိ တဲ့အတွက် ကချင်ပြည်သူတွေအနေနဲ့ အဲဒီခြေနေပေါ်သုံးသပ်ပြီး ခုလိုဆုံးဖြတ်ရတာဖြစ်တယ်လို့ ဦးနော်လတ်က ပြောပါတယ်။

ဝါရင့် ကချင်နိုင်ငံရေးသမားတဦးဖြစ်တဲ့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာကတော့ မျက်မှောက်နိုင်ငံရေး အခြေအနေအရ အသင့်လျော်ဆုံးဟာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်သာဖြစ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“သူတို့လိုင်းက လွတ်လပ်သော နိုင်ငံထူထောင်ရေးလိုင်း၊ ကျနော်တို့ ပြည်တွင်းဘက်မှာ တော့ ကေအိုင်အို အပါအဝင်ပေါ့နော်။ ကချင်နိုင်ငံရေးပါတီများအားလုံးက စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး အဲဒါဖြစ်တယ်၊ လောလောဆယ်တော့ ဖက်ဒရယ်ရမှဖြစ်မှာ အဲဒါအဓိကကျတယ်၊ တို့တာဝန်အရေး ၃ ပါးအတိုင်းဘဲ ကျနော်တို့သွားနေတာဖြစ်တယ်။ သူတို့ ညီလာခံဆုံးဖြတ်ချက်ကတော့ သူတို့နဲ့ပဲ ဆိုင်တာလေနော့။ ကျနော်တို့ကို ကိုယ်စားမပြုပါဘူး။”

ကချင်အမျိုးသားအစည်းအရုံး (အေအန်အို) အနေနဲ့ လွတ်လပ်သော ကချင်နိုင်ငံ ထူထော င်ရေး ဆန္ဒသဘောထားထုတ်ပြန်ချက်ကို အရင်ကလည်း မကြာခဏထုတ်ပြန်ခဲ့ဖူးပါတယ်။

ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဒီညီလာခံဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ပြည်တွင်းက ကချင်လူမျိုး တွေနဲ့ ထိုင်း၊ အမေရိကန်၊ အင်္ဂလန်၊ ဒိန်းမတ်၊ သြစတြေးလျ၊ ဂျပန် အစရှိတဲ့ ပြည်ပရောက် ကချင်လူမျိုးတွေပါ စုစုပေါင်း လူ ၂၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။

အဲဒီထဲမှာ ကချင်ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမှုရေး၊ အမျိုးသမီးအရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းက အဖွဲ့ဝင်တွေ ပါပေမယ့် အဖွဲ့အစည်းကိုယ်စားပြုအနေနဲ့ တက်ရောက် ဆွေးနွေး တာမဟုတ်ဘဲ တသီးပုဂ္ဂလိက အနေနဲ့သာ တက်ရောက်လာကြတာ ဖြစ်ပါတယ်။

ဒီသတင်းဟာလည်း သတင်းအမှန်တစ်ခု ဖြစ်ပါတယ်။ သတင်းမီဒီယာတော်တော်များများမှာလည်း ဖော်ပြထားသည်ကို တွေ့ရှိရပါတယ်။ ဒီလင့်ခ် (https://goo.gl/aYjPL1) မှာ ဖတ်ရှုနိုင်ပါတယ်။