Fact Check | ဒူရင်းသီးအတုစားမိရာမှ အမျိုးသားတစ်ဦးဆေးရုံရောက်သည်မှာ Hoax(သတင်းအတု) သာဖြစ်

ဒူရင်းသီးအတုစားမိရာမှ အမျိုးသားတစ်ဦးဆေးရုံရောက်သည်မှာ Hoax(သတင်းအတု) သာဖြစ်

(သတင်းအပြည့်အစုံသိရန် အစအဆုံးဖတ်ပါရန်)

Credit 🙂 ကိုလင်းနစ်

နယ်စပ်မှဖြတ်ကျော်တင်သွင်းလာသော ဒူရင်းသီးအတုစားမိရာမှ အမျိုးသားတစ်ဦးဆေးရုံတက်ရောက်ကာ ခွဲစိတ်ခံခဲ့ရသည်။ ဖြစ်စဉ်မှာ ကျနော့်ဖုန်းထဲရှိ Google apk ကိုဖွင့်ပြီး Operation ဟုရိုက်ရှာ၍ ခွဲစိတ်ခန်းပုံကိုလည်းကောင်း Durian ဟုရိုက်ရှာ၍ ဒူရင်းသီးပုံကိုလည်းကောင်း Save ပြီး လူစိတ်ဝင်စားနိုင်သည့် ခေါင်းစဉ်တစ်ခုကို တပ်လိုက်ခြင်းဖြစ်သည်။

ဟုတ်ကဲ့ အဓိက ကျနော်ပြောချင်တဲ့အချက်လာပါပြီ။ ကျနော်မှမဟုတ်ပါ မိတ်ဆွေကိုယ်တိုင် အင်တာနက်ကတွေ့ကရာပုံများရှာပြီး ယခုကဲ့သို့လူစိတ်ဝင်စားနိုင်တဲ့ ခေါင်းစဉ်တစ်ခုခုတပ်ပြီး စိတ်ထဲရှိတာလျှောက်ရေးလို့ရပါတယ်။ အဲ့ဒီလိုသတင်းတုတွေကို Hoax လို့ ခေါ်ပါတယ်။ အခုမိတ်ဆွေဖတ်နေရတဲ့ ရယ်စရာသတင်းတော်တော်များများဟာ သူတို့စိတ်ထဲရှိရာလျှောက်ရေးထားတဲ့ အခြေအအမြစ်မရှိတဲ့ သတင်းတွေပါ။ ဥပမာ- Nivea roll on ပုံနဲ့ ခွဲစိခန်းပုံပြပြီး အမျိုးသားတစ်ဦး လေလည်ရာတွင် မွှေးစေရန် ပြုလုပ်ရာမှ စအိုဝတွင်းသို့ Roll on ဝင်သွားတယ်ဆိုတာမျိုးပေါ့။ ဘာလို့အဲ့လို အခြေအမြစ်မရှိတဲ့ သတင်းတွေလုပ်ကြလဲဆိုတာ ထပ်ပြောပြပါ့မယ်။ တစ်ချို့ကအပျော်သဘောနဲ့ ရယ်စရာအဖြစ်လုပ်ကြတယ်။ တစ်ချို့က စီးပွားဖြစ်လုပ်ကြတယ်။ အပျော်သဘောနဲ့လုပ်တာကတော့ သူငယ်ချင်း အချင်းချင်းနောက်ပြောင်ချင်တာမျိုးရယ် တုံ့ပြန်လာမယ့် ကွန်မန့်တွေကရယ်ရတာရယ်ကြောင့်မို့လုပ်ကြတာပါ။ စီးပွားဖြစ်သမားတွေကတော့ ရှင်းပါတယ်။မိတ်ဆွေအနေနဲ့ သူတို့ရေးထားတဲ့ စိတ်ဝင်စားဖွယ်ခေါင်းစဉ်ကိုဖတ်ပြီး အပြည့်အစုံသိချင်လို့ Link ကိုနှိပ်တဲ့အခါ သူတို့ဝက်ဘ်ဆိုဒ်နဲ့ချိတ်ဆက်ထားတဲ့ ကြော်ငြာတွေကတစ်ဆင့်ဝင်ငွေရပါတယ်။ အဲဒါမျိုးကို Clickbait လို့ခေါ်ပါတယ်။ ဒါတွေသိတဲ့လူတွေက လူနည်းစုဖြစ်နေပါတယ်။ သိတဲ့လူအနည်းစုက ဒါကိုအသေအချာရှင်းပြပြောတာမျိုးမလုပ်ကြပဲ ဒါကိုပဲနောက်စရာပြောင်စရာ ပျော်စရာအဖြစ်ဖန်တီးနေကြတာ စိတ်မကောင်းစရာပါ။

ကျနော်တို့နိုင်ငံသားတွေဟာ စစ်အာဏာရှင်တွေ ဖျက်ဆီးခဲ့တဲ့ ပညာရေးစနစ်ရဲ့အောက်မှာ နှစ်၆၀လောက်နေခဲ့ရလို့ အသိပညာ ဗဟုသုတပိုင်းဆိုင်ရာလိုအပ်ချက်တွေ အများကြီးရှိပါတယ်။ အဲ့ဒီ့အတွက်စာများများဖတ်ပါလို့ပြောနေရချိန်မှာ (ခင်ဗျားတို့အခေါ် ၁၅၀၀တန်တွေပေါ့ဗျာ) သူတို့အနေနဲ့ စာဖတ်ဖို့ သတင်းဖတ်ဖို့ အင်တာနက်ပေါ်တက်လာတဲ့အခါ Hoax တွေ Fake news တွေက သူတို့ရင်ဝကို ဆီးကန်လိုက်သလိုပါပဲ။ စီးပွားဖြစ် Clickbait လုပ်စားနေတဲ့သူတွေကိုဘာမှမပြောချင်ပေမယ့် အပျော်သဘောနဲ့ လုပ်နေကြတဲ့ Troll page တွေကိုတော့တစ်ခုပြောပါရစေ။ ကောလဟာလရဲ့အားကို ဘယ်တော့မှလျှော့မတွက်ပါနဲ့လို့။

ကျနော်ငယ်ငယ်ကပုံပြင်တစ်ပုဒ်ဖတ်ဖူးပါတယ်။ ပုံပြင်ထဲကတိုင်းပြည်တစ်ပြည်မှာ ခြင်္သေ့ရုပ်ကြီး၂ရုပ်ရှိပါတယ်။တိုင်းပြည်ရဲ့အဝင်ဝမှာဆိုပါတော့။ အဲ့တိုင်းပြည်မှာ နာမည်ကြီး တဘောင်တစ်ခုရှိတယ်။ ခြင်္သေ့ကြီး မျက်လုံးနီ ပြည်ကြီးရခိုင်ပျက်လတ္တံ့တဲ့။ (ဒီနေရာမှာ ပြည်ကြီးရခိုင်ဆိုတာ အိမ်ကြီးရခိုင်လို ခိုင်ခံ့တာကိုပြောချင်တာလို့ယူဆမိပါတယ်) အဲ့ဲဒီ့တဘောင်ကြောင့် တိုင်းပြည်ကလူတွေက အဲ့ခြင်္သေ့ကြီးကို အမြဲမျက်ချေမပြတ်စောင့်ကြည့်ကြပါသတဲ့။ ဖြစ်ချင်တော့ အဲ့ဒီတိုင်းပြည်မှာ အလွန်အနောက်သန်တဲ့ ဖိုးသူတော်တစ်ပါးရှိတယ်။ သူကမျိုးစုံနောက်ပြောင်နေရာကနေ အားမရပဲ တစ်တိုင်းပြည်လုံးကိုနောက်ဖို့ ကြံစည်တော့တယ်။ ခြင်္သေ့ကြီးမျက်လုံးကို အနီသုတ်ပြီး လူတွေကြောက်လန့်တကြားဖြစ်တာစောင့်ကြည့်မယ်ပေါ့။ နောက်မှလူတွေကိုရှင်းပြပြီး ရယ်စရာလုပ်မယ်ပေါ့လေ။ အဲ့လိုနဲ့သူ့အကြံအစည်အတိုင်း ခြင်္သေ့မျက်လုံးကိုအနီသုတ်ပြီး စောင့်ကြည့်ပါသတဲ့။ မနက်စောစောလယ်ထဲဆင်းဖို့ထွက်လာတဲ့ လူတစ်ယောက်ကထုံးစံအတိုင်း ခြင်္သေ့ကြီးရဲ့ မျက်လုံးကိုကြည့်တဲ့အခါမှာတော့ ကြောက်လန့်တစ်ကြားဖြစ်သွားပြီး ” ခြင်္သေ့ကြီး မျက်လုံးနီပြီ ခြင်္သေ့ကြီး မျက်လုံးနီပြီ ” ဆိုပြီး အားလုံးကို သတိပေးဖို့ အော်ပြီးပြေးပါလေရော။ အဲ့ဒါကိုခိုးပြီးစောင့်ကြည့်နေတဲ့ ဖိုးသူတော်ကတော့ ခွက်ထိုးခွက်လှန်ရယ်တာပေါ့လေ။ နောက်သူ့အကြံအစည်အတိုင်း တိုင်းပြည်ကလူတွေကိုရှင်းပြမယ်ဆိုပြီး အဲ့မုခ်ဦးဝကစောင့်သတဲ့။ တစ်ကယ်တမ်း ကြောက်လန့်တစ်ကြား ပြေးထွက်လာတဲ့ လူအုပ်ကြီးနဲ့တိုးတဲ့အခါ သူရှင်းပြတာဘယ်သူမှ နားမထောင်ကြဘဲ အဲ့ဒီ့လူအုပ်ကြီးကပဲ တက်နင်းလို့ အကျီစားသန်တဲ့ဖိုးသူတော်လည်းသေ တိုင်းပြည်တစ်ပြည်လုံးလည်း ပျက်သွားပါရောတဲ့။

ကျနော်လည်း အစအနောက်သန်ပါတယ်။ Troll ပါတယ် Meme လုပ်ပါတယ်။ ဒါပေမယ့် ကိုယ့်ဘာသာ သတ်မှတ်ထားတဲ့ အတိုင်းအတာတစ်ခုရှိပါတယ်။ 18+ အသံပါတဲ့ Video ဖိုင်တွေ Jump Scare ခေါ်တဲ့ရုတ်တရက်လန့်အောင်လုပ်တဲ့ Video ဖိုင်တွေ သူများတွေ Phobia ဖြစ်နိုင်တဲ့ ရုပ်ပျက်ဆင်းပျက် အနာရောဂါတွေ မ Share ဘူး။ ကိုယ်စလိုက်လို့ မခံချိမခံသာဖြစ်မယ့်အနေအထားလောက်ထိပဲ စတယ်။ Sense of humour ရှိတဲ့သူဆို ရယ်စရာလို့ပဲမြင်လိမ့်မယ်ဟာမျိုးပဲ စတာများပါတယ်။ Know your limits ပါ။

ဟိုတစ်လောက National Media ဆိုတဲ့ Troll Page မှာ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ တစ်သိန်းတန်ငွေစက္ကူထွက်မည်ဆိုပြီး Hoax တစ်ခုတင်ပါတယ်။ ဒါမျိုးကမနောက်ကောင်းတဲ့အထဲပါပါတယ် အခန့်မသင့်ရင် ကုန်ဈေးနှုန်းခုန်တက်သွားနိုင်တာမျိုးပါ။ နောက်တစ်ခုက ကျနော့်အကောင့်ထဲက ကိုရန်နောင်စိုးကိစ္စပါ။ သူ့ကိစ္စကြောင့်ဒီစာကိုရေးဖြစ်တာပါ။ လူမျိုးရေး ဘာသာရေးအကဲဆတ်တဲ့ ဒီလိုနိုင်ငံမျိုးမှာ ကိုယ်လုပ်လိုက်တဲ့ Hoax တစ်ခုက လူတစ်ယောက်ရဲ့ အသက်အန္တရာယ်ကနေ အဓိကရုံးတစ်ခုအထိ ဦးတည်သွားနိုင်တယ်ဆိုတာ သတိရှိစေချင်လို့ပါ။ကိုရန်နောင်စိုး Yan Naung Soe ကိစ္စသိချင်ရင်တော့ သူ့ Wall သာသွားကြည့်ကြပါ။ စာလည်းတော်တော်ရှည်နေပြီမို့ ဒီလောက်ပါပဲ။ ဒီတစ်ခါတော့ Share ပေးကြပါလို့ တောင်းဆိုပါရစေ။ စာကို Share ရုံတင်မကပဲ ဒီအချက်တွေကို အပြင်မှာပါ စကားနဲ့ပါမျှဝေပေးကြပါလို့။

လင်းနစ်

25.10.2017